ယင်းမဟာမိတ်အဖွဲ့ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်မျိုးချစ်ပါတီရုံးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်လိုက်ခြင်းဖြစ်သည်။
ယင်းမဟာအဖွဲ့တွင် ပါ၀င်သော ပါတီများမှာ ရခိုင်မျိုးချစ်ပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် မြိုအမျိုးသားဒီမိုကရေစီပါတီတို့ ဖြစ်သည်။
“ဒီနေ့ ကျွန်တော်တို့ ရခိုင်မျိုးချစ်ပါတီရုံးမှာပြုလုပ်တဲ့အစည်းအဝေးက ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါပြီ။ ယခု ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ပါတီခေါင်းဆောင်တွေကို အဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီးတော့ လုပ်ငန်းကော်မတီအနေနဲ့ အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းထားပါတယ်”ရခိုင်မျိုးချစ်ပါတီ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယင်းမဟာမိတ်အဖွဲ့အနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ ရှေ့ဆက်သွားနေသည့် နိုင်ငံရေး လမ်းကြောင်းပေါ်၌ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများအရေးကို မည်ကဲ့သို့လုပ်နိုင်မည်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို မည်ကဲ့သို့ ရနိုင်မည်နည်းဆိုသည့် အချက်များကို ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
လက်ရှိရခိုင်ပြည်နယ်၏ နိုင်ငံရေးအားနည်းချက်များမှာ တိုင်းရင်းသားပါတီများအနေဖြင့် စုဖွဲ့မှုအားနည်း နေသည့်အပြင်၊ နိုင်ငံရေးအသိအမြင် အားနည်းမှု ရှိနေကြောင်း၊ ရခိုင်လူနိုင်ငံရေးခေါင်းဆောင်များနှင့် လူထုတွင် နိုင်ငံရေးအသိအမြင်အားနည်းနေသေးကြောင်း၊ စဉ်းစားတွေးခေါ်ရာ၌ ဒီမိုကရေစီကျကျ တွေးခေါ်မှု နှင့် ဒီမိုကရေစီ ကျင့်စဉ်များ အားနည်းနေသေးသည်ဟု ဦးမောင်ခင်ထွန်းက သူ၏ တစ်သီးပုဂ္ဂလအမြင်ကို ပြောသည်။
အဆိုပါနိုင်ငံရေးအားနည်းချက်များကို ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ရခိုင်တိုင်းရင်းသားပါတီများ စုဖွဲ့၍ မဟာမိတ်အဖြစ်တည်ဆောက် ထားကြောင်း၊ နိုင်ငံရေးအသိအမြင်များ၊ နိုင်ငံရေးနှင့် ဆက်နွယ်သည့် အရာများကို စုပေါင်း၍ လုပ်ဆောင်မည့်အပြင် ပြည်သူများကိုလည်း သင်တန်းများ ပို့ချ၍ ပြုလုပ်သွားရန် လိုအပ်သည်ဟု ဆိုသည်။
“ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေ ဒီလိုမျိုးဖွဲ့စည်းလိုက်နိုင်တာကို အားရ ကျေနပ်မိပါတယ်။ ရခိုင်ပြည်နယ်မှာ အနာဂတ်မှာ ကျွန်တော်တို့ နိုင်ငံရေးအခင်းအကျင်းပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေအားလုံး ပူးပေါင်းပြီးတော့ လက်ချင်းချိတ်ဆက်လို့ ရှေ့ဆက်သွားရင် ကောင်းမယ်ဆိုပြီးတော့ ဒီလိုမျိုး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်း လိုက်ရခြင်း ဖြစ်ပါတယ်” ဟု ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇောက ပြောသည်။
မြိုအမျိုးသား ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဦးမြထွန်းကလည်း “ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ အချင်းချင်းဆွေနွေး သဘောတူညီချက်နဲ့ မဟာမိတ်ဖွဲ့လိုက်ပါပြီ။ ရှေ့အနာဂတ်မှာ ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ ခံစားချက်ကို ထင်ဟပ်နိုင်အောင် လုပ်ဆောင် သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများအနေဖြင့် စုစည်းမှုအားနည်းကြောင်း၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှုအား နည်းကြောင်းနှင့် ယခုကဲ့ တိုင်းရင်းသားပါတီများ မဟာဖွဲ့၍ ဆောင်ရွက်လာပါက တိုင်းရင်းသားပါတီများအနေဖြင့် စုစည်းမှု အားကောင်းလာမည့်အပြင် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာမည်ဟု မျှော်လင့်ကြောင်း ၄င်းကပြောသည်။
ယင်းဆွေးနွေးပွဲသို့ ရခိုင်မျိုးချစ်ပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် မြိုအမျိုးသားဒီမိုကရေစီပါတီတို့ တက်ရောက်ခဲ့ကြသည်။







