“ ဖြစ်စဉ်မှန်ပါတယ်။ နိုဝင်ဘာ ၉ ရက် ည ၈ နာရီ ၂၀ မိနစ်ခန့်မှာ ဓားကိုင်ဆောင်တဲ့ အကြမ်းဖက်သမား ၁၅ ဦးခန့်က ကျွန်တော်တို့ကင်းသမားကို တက်ခုတ်တယ်။ အဲတော့ ပစ်ခတ်မှုတွေဖြစ်တယ်။ အကြမ်းဖက်သူ နှစ်ဦးကတော့ မဆိုစလောက် ဒဏ်ရာ ရတာကြောင့် မောင်တောဆေးရုံကို ပို့ထားပါတယ်” ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပထမတန်းဦးစီး အရာရှိ တစ်ဦးမှ နိရဥ္စရာသို့ ပြောကြားသည်။
တိုက်ခိုက်မှုဖြစ်ပွားစဉ် အကြမ်းဖက်သူနှစ်ဦးအား ဒဏ်ရာနှင့် ဖမ်းမိခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံး ဒဏ်ရာရသူ မရှိကြောင်း ၎င်းအရာရှိမှ ဆက်လက် အတည်ပြုပြောကြားသည်။
ဒဏ်ရာရသူ သူနှစ်ဦးတွင် တစ်ဦးမှာ ကျောကိုထိမှန်ပြီး အခြားတစ်ဦးမှ ခြေသလုံးထိမှန်ကြောင်း ဓားတစ်ချောင်းကိုပါ သိမ်းဆည်းရမိခဲ့ပြီး ဘယ်ကလာသည်၊ မည်သူမည်ဝါဖြစ်သည် ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ပထမတန်း ဦးစီးအရာရှိမှ ဆက်လက် ပြောဆိုသည်။
“သူတို့က ဗမာစကားလုံးဝမတတ်ဘူး။ မေးလိုလည်းမရဘူး။ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေမှာလည်း အဲဒီစကား တတ်တဲ့သူမရှိဘူး။ စစ်ဆေးရေးအဖွဲ့ကို စစ်ဆေးဖို့ပြောထားတယ်။ အခုတော့ ဆေးရုံမှာပါ” ဟုပြောသည်။
မောင်တောဒေသတွင် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ ဒေသ အတွင်းမှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ဘင်္ဂလီ အကြမ်းဖက်အုပ်စုများမှ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသဖြင့် နေရပ်ကို ပြန်ရောက်နေကြသည့် ရခိုင်တိုင်းရင်းသားများ အနေဖြင် ့စိုးရိမ်မကင်းဖြစ်နေကြပြီး ရွာပြင်ပသို့ ထွက်ပြီး အလုပ် လုပ်ကိုင်ရန်မှာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ရခိုင်ဒေသခံများက ပြောသည်။







