သြဂုတ်လ ၆ ရက် နေ့က အရှင် ဦးဥတ္တမရုပ်တုကို ပေါက်တောမြို့ဓမ္မာရုံ အနောက်ဘက် ဘတ်စကက်ဘောကစားကွင်းတွင် စိုက်ထူခဲ့ပြီး သြဂုတ်လ ရ ရက် မွန်းလွဲပိုင်းက ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
အခမ်းအနားတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက ရုပ်ထုဖြစ်မြောက်ရေးအတွက် လုပ်ဆောင်ခဲ့ရပုံ၊ တက္ကသိုလ်မှ ဆရာမတစ်ဦးနှင့် စာရေးဆရာ ဗီဒီယို ဟာသ သရုပ်ဆောင် ဗဂျီးကျော်တို့ကလည်း ဟောပြောခဲ့သည်ဟု သိရသည်။
ဆရာတော် ဦးဥတ္တမ ကြေးရုပ်ထုသွန်းလုပ်ရာတွင် စုစုပေါင်း ကျပ်သိန်း ၁၄၀ ကျော်ခန့် ကုန်ကျကြောင်း သိရသည်။

“ ဆရာတော် ဦးဥတ္တမက ရခိုင်ပြည်အတွက်သာမက မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး ရရှိအောင် ရှေ့ဆောင် ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ် တစ်ဦးရဲ့ ရုပ်ထုက ရခိုင်ပြည်နယ်က မြို့တွေ အားလုံးမှာ ရှိသင့်ပါတယ်။ ကျွန်မတို့လို လူငယ်တွေက ဦးဆောင်ပြီး မြို့တိုင်းမှာ ဆရာတော် ဦးဥတ္တမရုပ်ထုကို စိုက်ထူ ပူဇော်နိုင်ရေး အတွက် ကြိုးစားသင့်ပါတယ်” ဟု ပေါက်တောမြို့နယ် သာရေးနာရေး အသင်း ဘဏ္ဍာထိန်း အမျိုးသမီး မသန်းတင်ဝင်းက ပြောသည်။
ပေါက်တောမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ အခမ်းအနားသို့ လာတက်ရောက်သူ ဦးမောင်သိန်းညွှန့်က “ ကျွန်တော်က ဒီဆရာတော် ဦးဥတ္တမ ရုပ်တုဖွင့်ပွဲမှာ ရခိုင်စည်တော် လာတီးသူ ဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာ ရခိုင်လူမျိုးတွေ အနေနဲ့ ရခိုင်စိတ်၊ ရခိုင်မာန်နဲ့ ကိုယ့်အမျိုးသားတွေရဲ့ ဂုဏ်ပြု လေးစားအပ်တဲ့ ပုဂ္ဂိုလ်တွေကို ခုလိုမျိုး ဂုဏ်ပြုသင့်တယ်။ ကိုယ်ရိုးရာ ယဉ်ကျေးမှု အစဉ်အလာတွေကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ တိုက်တွန်း လိုပါတယ်” ဟု ပြောသည်။
ပေါက်တောမြို့တွင် ဆရာတော် ဦးဥတ္တမရုပ်တု တစ်ခု ထားရှိ ပူဇော်နိုင်ရေး အတွက် ပေါက်တောမြို့နယ် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ သာရေးနာရေး အသင်းက ဦးဆောင်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ သာရေးနာရေး အသင်း အတွင်းရေးမှူး ကိုအေးလှက “ ကျွန်တော်တို့ ဒီဆရာတော် ဦးဥတ္တမ ရုပ်တုကို စိုက်ထူ ပူဇော်ဖို့ ဆောင်ရွက် ခဲ့တဲ့ နေရာမှာ ပြသနာ မျိုးစုံနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ပထမဆုံးက ဝေဖန်တာ၊ ကဲ့ရဲတာတွေပါ။ ဥပမာအားဖြင့် ပြောရရင် ဆရာတော် ဦးဥတ္တမဟာ ရခိုင်ပြည်အတွက် ဘာလုပ်ပေးခဲ့သလဲဆိုတဲ့ Negative ဘက်က အမြင်တွေနဲ့ တိုက်ခိုက်တာပါ။ ကျွန်တော်တို့ကတော့ Positive ဘက်ကဘဲ မှန်မှန်ကန်ကန်တွေးပြီး ဆရာတော်ဟာ င်္အလိပ်လက်အောက်မှာ အဖိနှိပ်ခံနေရတဲ့ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်တယ်။ မြန်မာကသာမက ကမ္ဘာကပါ အသိအမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ ရခိုင်လူမျိုးတစ်ဦးဖြစ်တယ်။ ဒါကြောင့် ဂုဏ်ပြုသင့်၊ ဂုဏ်ပြုအပ်တယ်လို့ ယုံကြည်အတွက် ပေါက်တောမြို့မှာ ဆရာတော် ဦးဥတ္တမ ရုပ်တုကို စိုက်ထူ ဂုဏ်ပြုရတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
လက်ရှိ အချိန်တွင် အာဏာလက်ကိုင်ပြုထားသူများက အင်္ဂလိပ်များကဲ့သို့ ရခိုင်လူမျိုးများ အပေါ် ဖိနှိပ် အုပ်ချုပ်သည်မှာ တစ်ပိုင်းဖြစ်ကြောင်း၊ ထိုအချိန်က ဗမာအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများမှာ အင်္ဂလိပ်တို့၏ ကျေးကျွန် ဖြစ်နေကြောင်း၊ သို့အတွက် တစ်နိုင်ငံလုံး ညီညွတ်ရေး၊ လွတ်လပ်ရေး အတွက် ဆရာတော်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် အဖိနှိပ်ခံနေကြရသော ရှမ်း၊ချင်း၊ ကရင်၊ မွန်၊ ရခိုင်တို့ ညီညွတ်သလို အင်္ဂလိပ်လက်အောက်တွင်လည်း အဖိနှိပ်ခံ ဗမာလူမျိုးနှင့် တိုင်းရင်းသားတို့ အကြားတွင် ညီညွတ်ခဲ့ကြကြောင်း၊ လွတ်လပ်ရေး ရရှိသွားသော အခါ အုပ်ချုပ်ခွင့်ရသူများက တစ်ဖန် တိုင်းရင်းသားများကို ကျွန်ပြုအုပ်ချုပ်ခြင်းမှာ အုပ်ချုပ်ခွင့်ရသူ၊ သစ္စာဖောက်သူတို့၏ တာဝန်သာ ဖြစ်ကြောင်း၊ ဆရာတော်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း သူက ဆက်လက် ပြောဆိုသည်။
ပေါက်တောမြို့နယ် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ သာရေးနာရေး အသင်းဥက္ကဋ္ဌ ကိုခိုင်ဘိုဘိုက “ ယခု ရုပ်တု တည်ဆောက်ရေးအတွက် ပေါက်တောမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၀၀ ကျော်က အလှူငွေ ထည့်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဖွင့်ပွဲလုပ်တဲ့အခါ ကျေးရွာအကုန်လုံးကို မဖိတ်ကြားနိုင်ခဲ့တဲ့ အတွက် စိတ်မကောင်းပါဘူး။ ဘာဘဲ ဖြစ်ဖြစ် ငယ်ငယ်ကတည်းက အိပ်မက် မက်လာတဲ့ ဆရာတော် ရုပ်တုကို ခုလို ပေါက်တောမြို့မှာ တည်ထား ဂုဏ်ပြုနိုင်တဲ့ အတွက် ပေါက်တောမြို့နယ် တစ်ခုလုံး ကိုယ်စား အထူး ဂုဏ်ယူ မိပါတယ်” ဟု ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား လူငယ်အဖွဲ့များ၊ တက္ကသိုလ်ကျောင်းမှ ဆရာဆရာမများနှင့် မြို့သူမြို့သားများ စုစုပေါင်း လူ ၃၀၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
ဆရာတော်ဦးဦးတ္တမသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် အင်္ဂလိပ်ကိုလိုနီအစိုးရကို နိုင်ငံရေးအရ ပထမဦးဆုံး တိုက်ပွဲဝင်ခဲ့သောကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်၍ ဆရာတော်မွေးဖွားရာ ဇာတိ ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးများသည် ဆရာတော်ကို ဂုဏ်ပြုပူဇော်သည့်အနေဖြင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် ဆရာတော် ရုပ်ထုကို စိုက်ထူ ဂုဏ်ပြုလျက်ရှိကြသည်။







