ဒီရေမြင့်တက်မှုကြောင့် ကျေးရွာတွင်းရေမြုပ်နေသည်မှာ ဇူလှိုင်လ ၅ ရက်နေ့ကပင် ဖြစ်ကြောင်း၊ ဒီရေကျသွားလျင် ရေကျ၊ဒီရေပြန်တက်လာလျှင် ရေနစ်မြုပ်မှု ဖြစ်နေကြောင်း သူက ပြောဆိုသည်။
“ ကျနော်တို့ ရွာက တစ်ခြားရွာတွေလို ကုန်းလမ်းနဲ့သွားလို့ရတဲ့ ရွာမဟုတ်တော့ သွားရေးလာရေးနဲ့ စားဝတ်နေရေးတွေ အခက်အခဲဖြစ်နေကြတယ်။ လွန်ခဲ့တဲ့ ငါးရက်လောက်ကတော့ ရေတော်တော်ကြီး ခဲ့ပါတယ်။ အခုတော့ ရေကျစပြုနေပြီဆိုပေမယ့် ဒီရေတက်ရင် တက်တယ်။ ဒီရေကျသွားရင် ရေကျတယ်။ လွန်ခဲ့တဲ့ ငါးရက်ခန့်ကလောက်တော့ ရေမများတော့ပါ။ ဘုန်းကြီးကျောင်းမှ ပြောင်းရွေ့နေတဲ့ သူတွေလည်း အိမ်ကို ပြန်လာနေကြပြီ” ဟု ဦးမောင်ဘအေး ကပြောသည်။
သလူမော်ကျးရွာသည် မြေနိမ့်ပိုင်းဒေသဖြစ်ပြီး တစ်ခြားကျေးရွာတွေလို ကုန်းကြောင်းသွား လို့မရဘဲ မြစ်ပတ်ပတ်လည်ဝိုင်းရံထားပြီး ကျွန်းတွင် တစ်ရွာတည်းသီးသန့် ရှိသော ကျေးရွာဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၅)ရက်နေ့က ဒီရေကြောင့် ကျေးရွာတွင် ရေစတင်နစ်မြုပ်ခဲ့ရာ လွန်ခဲ့သော (၅)ရက်ခန့်က အဆိုးဆုံးရေနစ်မြုပ်ခဲ့သည်။ ယခုအချိန်တွင် ရေကျနေပြီဖြစ်သော်လည်း ဒီရေတက်ချိန်ကိုလိုက်၍ ဒီရေမြင့်တက်မှုရှိနေကြောင်း သိရသည်။
သလူမော်ကျေးရွာတွင် အိမ်ခြေ(၁၄၀)ခန့်ရှိသည့်အနက် အားလုံးနီးပါးမှာ ရေနစ်မြုပ်နေပြီး ပျက်စီးဆုံးရှံုးမှုများကို ကျေးရွာအုပ်ချုပ်ရေးမှူးက စာရင်းကောက်နေကြောင်းသိရသည်။
အခုလို ဒီရေတက်မှုမျိုးသည် သလူမော်ကျးရွာ၌ ၂၀၁၀ခုနှစ်၊ ဂီရိမုန်းတိုင်းတိုက်ခတ်တုန်းက တစ်ကြိမ် တက်ခဲ့ဖူးကြောင်း၊ ဒီရေမြင့်တက်မှုကြောင့် သောက်သုံးရေနှင့် အစားအစာများ လိုအပ်နေကြောင်း ဒေသခံတွေကပြောသည်။







