“ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောသလဲဆိုရင် သူ့အနေနဲ့ အစိုးရဖွဲ့စည်းရေး ကိစ္စတွေနဲ့ အလုပ်များနေတဲ့ အတွက် ANP နဲ့ မတွေ့ဆုံနိုင်ဘဲ ဖြစ်သွားတယ်။ ANP ပါတီနဲ့ တွေ့ဖို့ သူ့မှာ အစီအစဉ် ရှိတယ်လို့လည်း ပြောပါတယ်။ နောက်အပတ်မှာ ANP က ကိုယ်စားလှယ် အဖွဲ့နဲ့ NLD က ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံနိုင်အောင် စီစဉ်ပေးမယ်လို့ ဂတိပြုပါတယ်” ဟု ဦးဖေသန်းက ဆိုသည်။
ယနေ့ ပြုလုပ်သော ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် NLD ဘက်မှ ၅ ဦးတက်ရောက်ခဲ့ပြီး ရခိုင်အမျိုးသား ပါတီဘက်မှ ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးဘရှိန်တို့ အပါအဝင် အမျိုးသား/ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦး တက်ရောက်ခဲ့သည်။
“ ဆွေးနွေးပွဲမှာတော့ ANP ကထုတ်တဲ့ ကြေငြာချက်ကိစ္စ၊ စစ်တွေမှာ ဆန္ဒဖော်ထုတ်တဲ့ ကိစ္စတွေကိုလည်း ဆွေးနွေး ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ၁/၂၀၁၆ မှာ ပါတဲ့ ရခိုင်ပြည်နယ် အစိုးရကို ရခိုင်အမျိုးသားပါတီက ဦးဆောင်ဖွဲ့စည်းခွင့်ရရေးကိစ္စက ကျွန်တော်တို့ပါတီရဲ့ ဆန္ဒသဘောထားဖြစ်တယ် ဆိုတာကို ပြောဆိုပါတယ်။ အဓိကတော့ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးအတွက် တွေ့ဆုံ ဆွေးနွေးဖို့ သဘောထား ကျွန်တော်တို့ဘက်က လိုလားတယ်ဆိုတဲ့ အပိုင်းတွေကို တင်ပြကြပါတယ်” ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် ရခိုင်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခနှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စ အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဝင်းထိန်က “ရခိုင်ပြည်နယ် အရေး တိုးတက်ဖို့အတွက် ကျွန်တော်တို့ NLD နဲ့ ANP နောင်မှာ ညှိနိုင်း ဆွေးနွေးပီးတော့ ဆောင်ရွက်ကြမယ်လို့ သဘောတူကြတယ်။ သူတို့နဲ့ ကျွန်တော်တို့ ပြဿနာပေါ်တိုင်း ညှိနိုင်းဆွေးနွေးကြမယ်။ အထူးသဖြင့် ဘာသာရေး ပြဿနာတွေ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်လာတိုင်း နှစ်ဘက် ညှိနိုင်းဆွေးနွေးကြဖို့ သဘောတူ လိုက်ကြတာပါ” ဟု သူက ပြောသည်။
တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ကြသော်လည်း နေ့ရက် အတိအကျကို လာမည့် အပတ်တွင် သတ်မှတ်သွားမည်ဟု သိရသည်။ NLD နှင့် တွေ့ဆုံဆွေးနွေးရန် ဒေါက်တာ အေးမောင်၊ ဦးထွန်းအောင်ကျော်နှင့် ဦးသာထွန်းလှတို့အား ANP ပါတီမှ တာဝန်ပေးထားသည်ဟု သိရသည်။







