NLD နှင့် ANP ကိုယ်စားလှယ်များ နောက်အပတ် တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရ

NLD နှင့် ANP ကိုယ်စားလှယ်များ နောက်အပတ် တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရ
by -
နိရဥ္စရာ
ယနေ့ ညနေ ၅ နာရီက နေပြည်တော် စည်ပင်ရိပ်သာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်အမျိုးသားပါတီမှ အမျိုးသား/ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဘက်ကိုယ်စားလှယ်များ နောက်အပတ်တွင် တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ဆွေးနွေးပွဲတွင် ပါ၀င်ခဲ့သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

 “ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောသလဲဆိုရင် သူ့အနေနဲ့ အစိုးရဖွဲ့စည်းရေး ကိစ္စတွေနဲ့ အလုပ်များနေတဲ့ အတွက် ANP နဲ့ မတွေ့ဆုံနိုင်ဘဲ ဖြစ်သွားတယ်။ ANP ပါတီနဲ့ တွေ့ဖို့ သူ့မှာ အစီအစဉ် ရှိတယ်လို့လည်း ပြောပါတယ်။ နောက်အပတ်မှာ ANP က ကိုယ်စားလှယ် အဖွဲ့နဲ့ NLD က ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံနိုင်အောင် စီစဉ်ပေးမယ်လို့ ဂတိပြုပါတယ်” ဟု ဦးဖေသန်းက ဆိုသည်။

 ယနေ့ ပြုလုပ်သော ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် NLD ဘက်မှ ၅ ဦးတက်ရောက်ခဲ့ပြီး ရခိုင်အမျိုးသား ပါတီဘက်မှ ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးဘရှိန်တို့ အပါအဝင် အမျိုးသား/ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦး တက်ရောက်ခဲ့သည်။

 “ ဆွေးနွေးပွဲမှာတော့ ANP ကထုတ်တဲ့ ကြေငြာချက်ကိစ္စ၊ စစ်တွေမှာ ဆန္ဒဖော်ထုတ်တဲ့ ကိစ္စတွေကိုလည်း ဆွေးနွေး ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ၁/၂၀၁၆ မှာ ပါတဲ့ ရခိုင်ပြည်နယ် အစိုးရကို ရခိုင်အမျိုးသားပါတီက ဦးဆောင်ဖွဲ့စည်းခွင့်ရရေးကိစ္စက ကျွန်တော်တို့ပါတီရဲ့ ဆန္ဒသဘောထားဖြစ်တယ် ဆိုတာကို ပြောဆိုပါတယ်။ အဓိကတော့ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးအတွက် တွေ့ဆုံ ဆွေးနွေးဖို့ သဘောထား ကျွန်တော်တို့ဘက်က လိုလားတယ်ဆိုတဲ့ အပိုင်းတွေကို တင်ပြကြပါတယ်” ဟု ဆိုသည်။

 ဆွေးနွေးပွဲတွင် ရခိုင်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခနှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စ အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဝင်းထိန်က “ရခိုင်ပြည်နယ် အရေး တိုးတက်ဖို့အတွက် ကျွန်တော်တို့ NLD နဲ့ ANP နောင်မှာ ညှိနိုင်း ဆွေးနွေးပီးတော့ ဆောင်ရွက်ကြမယ်လို့ သဘောတူကြတယ်။  သူတို့နဲ့ ကျွန်တော်တို့ ပြဿနာပေါ်တိုင်း ညှိနိုင်းဆွေးနွေးကြမယ်။ အထူးသဖြင့် ဘာသာရေး ပြဿနာတွေ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်လာတိုင်း  နှစ်ဘက် ညှိနိုင်းဆွေးနွေးကြဖို့ သဘောတူ လိုက်ကြတာပါ” ဟု သူက ပြောသည်။

 တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ကြသော်လည်း နေ့ရက် အတိအကျကို လာမည့် အပတ်တွင် သတ်မှတ်သွားမည်ဟု သိရသည်။ NLD နှင့် တွေ့ဆုံဆွေးနွေးရန် ဒေါက်တာ အေးမောင်၊ ဦးထွန်းအောင်ကျော်နှင့် ဦးသာထွန်းလှတို့အား ANP ပါတီမှ တာဝန်ပေးထားသည်ဟု သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...