ပွဲလုပ်ရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၌ သိပ္ပံပညာနှင့်ပတ်သက်၍ ရခိုင်လူမျိုးသိပ္ပံပညာရှင်တစ်ဦးသည် ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင် ၁၀၀ ထဲတွင်ပါသည်ဆိုသည်ကို အများသိရှိစေရန်နှင့် သိပ္ပံပညာနှင့်ပတ်သက်၍ စူးစမ်းလေ့လာချင်သည့် မျိုးဆက်သစ်လူငယ်များကို ထိတွေ့ပေးချင်၍ ပြုလုပ်ပေးရခြင်းဖြစ်သည်ဟု ဖေါင်ဒေးရှင်းဥက္ကဋ္ဌ ရခိုင်နာမည်ကြီးအဆိုတော် ၀င်းကိုခိုင်ကပြောသည်။
သူများနှင့်မတူအောင် စိတ်ကူးဆန်းသစ်မှုဖြင့် ပြုလုပ်သည့်ပွဲတစ်ပွဲဖြစ်ပြီး နောက်ထပ်လည်း အဆိုပါပွဲမျိုးကို ပြုလုပ်သွားမည် ဟု ဖေါင်ဒေးရှင်းဥက္ကဋ္ဌက ပြောသည်။
“ဒီပွဲဟာဆိုရင် မဟာနွယ်ဖေါင်ဒေးရှင်းအနေနဲ့ ပထမဦးဆုံး ပြုလုပ်တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ စိတ်ကူးဆန်းသစ်မှုနဲ့ ဒီလိုမျိုး သူများနဲ့ မတူတဲ့
အတွေးအခေါ်မျိုးနဲ့ ဂီတနဲ့လည်း ပူးပေါင်းပြီးတော့ ပြုလုပ်တာဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ဗေ့စ်ဂီတာကို တီးခတ်ဖူးတဲ့
ဂီတာ့ပညာရှင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သိပ္ပံပညာနဲ့လည်း ပတ်သက်ပြီးတော့ မက်ဆေ့ကောင်းကောင်းတွေ ရနိုင်ဖို့အတွက် ပြုလုပ်တာဖြစ်ပါတယ်။ နောက်လည်း စိတ်ကူးစိတ်သန်းကောင်းနဲ့ အလားတူမျိုးပွဲတွေ
ပြုလုပ်ပေးနိုင်အောင်ကြိုးစားသွားပါမယ်”ဟု သူက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

နာနိုသိပ္ပံပညာသည် အလွန်တရာအနုစိတ်ပြီး ရူပဗေဒ၊ ဓါတုဗေဒနှင့် အင်ဂျင်နီယာဘာသာရပ်နှင့်လည်း ဆက်စပ်သော ပညာရပ်ဖြစ်သည်ဟု သိရသည်။
နာနိုသိပ္ပံနည်းပညာဖြင့် စာရေးသားမှတ်တမ်းတင်နိုင်သည့်အဆင့်ထိ ပြုလုပ်နိုင်ပါက ဆံပင်တစ်ချောင်းအကျယ်တွင် စာလုံးပေါင်း ၂
သန်းထိရေးနိုင်ပြီး သာမန်လက်ကိုင်ဖုန်း တစ်လုံးတွင် ကမ္ဘာတစ်ခုလုံးနှင့် သက်ဆိ်ုင်သော မှတ်တမ်းအားလုံးကို စုဆောင်းထားနိုင်အောင်ထိ အသုံးဝင်မည်ဟု ဒေါက်တာစောဝေလှက ဟောပြောခဲ့သည်။
ယခုလက်ရှိတွင် ဆေးပညာ၌ အသုံးပြုနိုင်အောင်ကြိုးစားနေပြီး အောင်မြင်ပါက DNA တစ်ခုချင်းစီကို ပြုပြင်နိုင်ပြီး လူသားတို့အရွယ်မကြီးအောင် ထိန်းထားနိုင်မည်ဟု ဆိုသည်။
နာနိုဆောက်လုပ်ရေးနည်းပညာဖြင့် အကောင်အထည်ဖေါ်နိုင်ပါက မှန်သားများကို ဖန်တီးကာ ဖုံသုပ်စရာမလိုဘဲ ကြာဖက်တွင် ရေမတင်သည့်ပမာ ပြုလုပ်နိုင်ပြီး အဆောက်အအုံများကို အလွန်ခိုင်ခံ့အောင်ပြုနိုင်မည်ဟု သိရသည်။
ဗုဒ္ဓဘာသာသည် သိပ္ပံပညာနှင့် ဆက်စပ်သော ဘာသာတစ်ခုဖြစ်သည်ဟု ဒေါက်တာစောဝေလှက ပြောသည်။
“ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်တွေဟာ သိပ္ပံပညာအဖြစ်ဆုံး ဘာသာဖြစ်တယ်။ ရှေ့ကိုသွားလေလေ တွေ့လေလေဘဲ။ အခုသိပ္ပံပညာရပ်က တွေ့ရှိထားချက်တွေဟာ ဗုဒ္ဓတရားရဲ့ အစိပ်အပိုင်းလေးမျှသာဖြစ်ပါတယ်။ ဗုဒ္ဓဟောကြားချက်များကို
သိရှိနိုင်အောင်ဆိုရင် နှစ်ပေါင်းအကြာကြီး ကြိုးစားရဦးပါမည်”ဟု သူကပြောသည်။
နာနိုသိပ္ပံနည်းပညာဖြင့် အက်တွန်နှင့် အမှောင်စွမ်းအင် (Dark Energy) များကိုပါ ရှာဖွေတွေ့ရှိထားပြီး အက်တွန်များကို စုစည်းကာ ပုံသွင်းရွေ့လျားနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုသည်။
အဆိုပါဂုဏ်ပြုပွဲတွင် ဒေါက်တာစောဝေလှအား မဟာနွယ်ဖေါင်ဒေးရှင်းက ဂုဏ်ပြုတံဆိပ်တစ်ခုနှင့် ဂုဏ်ပြုမှတ်မှတ်တမ်းလွှာတစ်ခု ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ရခိုင်အဆိုတော် ၀င်းကိုခိုင်၊ ရုပ်ရှင်မင်းသားရဲအောင်၊ အဆိုတော် မေခလာ၊ မွန်အမျိုးသမီးအဆိုတော် တစ်ဦးက သီဆိုဖျော်ဖြေခဲ့ကြသည့် အပြင် ဒေါက်တာစောဝေလှကိုယ်တိုင် မဟာနွယ်သီချင်းတွင် ဗေ့စ်ဂီတာကို ပါ၀င်တီးခတ်ခဲ့သည်။
အခမ်းအနားသို့ ဒေါက်တာကျော်သိန်း၊ ဒေါ်စောခင်တင့်နှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို မွန်းလွဲ ၂ နာရီကျော်တွင် စတင်ပြီး ၅ နာရီတွင်ပြီးဆုံးခဲ့သည်။







