ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက် ၅ ရာနှုန်းမြင့်တက်ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၁၈ ဦးပေါ်ထွက်

ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက် ၅ ရာနှုန်းမြင့်တက်ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၁၈ ဦးပေါ်ထွက်
by -
နိရဥ္စရာ
ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ၆ ရက်နေ့ကထုတ်ပြန်ခဲ့ရာ ရခိုင်ပြည်နယ်၏  ယခုနှစ် အောင်ချက်မှာ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၎င်းအပြင်  ၆ ဘာသာဂုဏ်ထူးရှင် ၁၈ ဦးပေါ်ထွက်ခဲ့သည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးလှစိန်ထွန်းက ပြောသည်။

“ဒီနှစ် ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်း အောင်ချက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးတော့ ၆ ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၄ ဦးပေါ်ထွက်ခဲ့ပါတယ်။ မနှစ်ကတော့ ၆ ဘာသာဂုဏ်ထူးရှင် ၈ ဦးပဲထွက်ပေါ်ခဲ့ပါတယ်”ဟု ဦးလှစိန်ထွန်းကပြောသည်။

ယမန်နှစ်က ရခိုင်ပြည်နယ်၏  တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်းမှာ ၁၈ ဒသမ ၂၂ ရာခိုင်နှုန်းသာရှိခဲ့သည်။

၆ ဘာသာဂုဏ်ထူးရှင်များမှာ စစ်တွေမှ ၁၀ ဦး၊ သံတွဲမှ ၃ ဦး၊ တောင်ကုတ်မှ နှစ်ဦးနှင့် မာန်အောင်၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်တို့မှ တစ်ဦးစီပါ၀င်ကြောင်း သိရသည်။

“ကျွန်မက ငယ်ငယ်ကတည်းက ဆရာဝန်မဖြစ်ချင်တာပါ။ တနေ့ကို စာ ၆ နာရီပုံမှန်ဖတ်ပါတယ်။ ဆရာဝန် ဖြစ်မယ် ဆိုရင်တောင် နှလုံးအထူးကုဆရာဝန်မဖြစ်ချင်ပါတယ်။ ဆရာဝန် ဖြစ်ချင်တာကတော့ ကိုယ့်ဘဝ တိုးတက်စေချင်ပြီး၊ သူများကိုလည်း အကျိုးပြုစေချင်လို့ပါ”ဟု စစ်တွေမြို့မှ ၆ ဘာသာ ဂုဏ်ထူးရှင် မလတ်လတ်ဌေးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

DSC05825

မလတ်လတ်ဌေးမိခင် ဒေါ်မသိန်းနုကလည်း “ရခိုင်သဟာယအသင်းအပါအဝင် သူများတွေရဲ့ ပညာရေးအထောက်အပံ့ငွေနဲ့ တက်နေတာပါတယ်။ အခု ကျွန်မသမီးလည်း ၆ ဘာသာ ဂုဏ်ထူးနဲ့အောင်တယ်ဆိုတော့  တအားပျော်ပါတယ်။ ကျွန်မက ဆင်းရဲတယ်ဆိုတော့ သားသမီးတွေအတွက် အမွေဆိုလို့ ပညာပဲပေးနိုင်တာပါ”ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကတော့ ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦးကို ကျပ်သိန်း ၃၀ ချီးမြှင့်မည် ဖြစ်ကြောင်း ကတိပြုထားသည်ဟု သိရသည်။

ယခုနှစ် ရခိုင်တစ်ပြည်နယ်လုံးတွင် အောင်ချက်အကောင်းဆုံးမြို့နယ်မှာ မင်းပြား၊ ဒုတိယ အောင်ချက် အကောင်းဆုံးမြို့နယ်မှာ သံတွဲနှင့် တတိယအောင်ချက်အကောင်းဆုံး မြို့နယ်မှာ စစ်တွေတို့ဖြစ်ကြောင်း သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးအောင်ချက်သည် ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သဖြင့် ရခိုင်ပြည်နယ် အောင်ချက် သည်လည်း မြန်မာတစ်နိုင်ငံလုံးတွင် အထက်သို့ တက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး၏  ယခုနှစ် အောင်ချက်မှာ ၃၇ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အောင်ချက် အများဆုံးမှာ ဧရာဝတီတိုင်း ဖြစ်ကာ အောင်ချက်ရာနှုန်း ၅၁ ရှိကြောင်း သိရသည်။ အောင်ချက်ရာနှုန်း အနိမ့်ဆုံးမှာ ချင်းပြည်နယ် ဖြစ်ပြီး ၁၇ ရာနှုန်းသာ ရှိကြောင်း သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...