“ဒီနှစ် ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်း အောင်ချက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးတော့ ၆ ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၄ ဦးပေါ်ထွက်ခဲ့ပါတယ်။ မနှစ်ကတော့ ၆ ဘာသာဂုဏ်ထူးရှင် ၈ ဦးပဲထွက်ပေါ်ခဲ့ပါတယ်”ဟု ဦးလှစိန်ထွန်းကပြောသည်။
ယမန်နှစ်က ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်းမှာ ၁၈ ဒသမ ၂၂ ရာခိုင်နှုန်းသာရှိခဲ့သည်။
၆ ဘာသာဂုဏ်ထူးရှင်များမှာ စစ်တွေမှ ၁၀ ဦး၊ သံတွဲမှ ၃ ဦး၊ တောင်ကုတ်မှ နှစ်ဦးနှင့် မာန်အောင်၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်တို့မှ တစ်ဦးစီပါ၀င်ကြောင်း သိရသည်။
“ကျွန်မက ငယ်ငယ်ကတည်းက ဆရာဝန်မဖြစ်ချင်တာပါ။ တနေ့ကို စာ ၆ နာရီပုံမှန်ဖတ်ပါတယ်။ ဆရာဝန် ဖြစ်မယ် ဆိုရင်တောင် နှလုံးအထူးကုဆရာဝန်မဖြစ်ချင်ပါတယ်။ ဆရာဝန် ဖြစ်ချင်တာကတော့ ကိုယ့်ဘဝ တိုးတက်စေချင်ပြီး၊ သူများကိုလည်း အကျိုးပြုစေချင်လို့ပါ”ဟု စစ်တွေမြို့မှ ၆ ဘာသာ ဂုဏ်ထူးရှင် မလတ်လတ်ဌေးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

မလတ်လတ်ဌေးမိခင် ဒေါ်မသိန်းနုကလည်း “ရခိုင်သဟာယအသင်းအပါအဝင် သူများတွေရဲ့ ပညာရေးအထောက်အပံ့ငွေနဲ့ တက်နေတာပါတယ်။ အခု ကျွန်မသမီးလည်း ၆ ဘာသာ ဂုဏ်ထူးနဲ့အောင်တယ်ဆိုတော့ တအားပျော်ပါတယ်။ ကျွန်မက ဆင်းရဲတယ်ဆိုတော့ သားသမီးတွေအတွက် အမွေဆိုလို့ ပညာပဲပေးနိုင်တာပါ”ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကတော့ ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦးကို ကျပ်သိန်း ၃၀ ချီးမြှင့်မည် ဖြစ်ကြောင်း ကတိပြုထားသည်ဟု သိရသည်။
ယခုနှစ် ရခိုင်တစ်ပြည်နယ်လုံးတွင် အောင်ချက်အကောင်းဆုံးမြို့နယ်မှာ မင်းပြား၊ ဒုတိယ အောင်ချက် အကောင်းဆုံးမြို့နယ်မှာ သံတွဲနှင့် တတိယအောင်ချက်အကောင်းဆုံး မြို့နယ်မှာ စစ်တွေတို့ဖြစ်ကြောင်း သိရသည်။
ရခိုင်တစ်ပြည်နယ်လုံးအောင်ချက်သည် ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သဖြင့် ရခိုင်ပြည်နယ် အောင်ချက် သည်လည်း မြန်မာတစ်နိုင်ငံလုံးတွင် အထက်သို့ တက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံး၏ ယခုနှစ် အောင်ချက်မှာ ၃၇ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အောင်ချက် အများဆုံးမှာ ဧရာဝတီတိုင်း ဖြစ်ကာ အောင်ချက်ရာနှုန်း ၅၁ ရှိကြောင်း သိရသည်။ အောင်ချက်ရာနှုန်း အနိမ့်ဆုံးမှာ ချင်းပြည်နယ် ဖြစ်ပြီး ၁၇ ရာနှုန်းသာ ရှိကြောင်း သိရသည်။







