“အမ်းမြို့နယ် တပ်တောင် ဓမ္မာရုံမှာ ဇွန်လ ၄ ရက်နေ့မှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေတွေ့ဆုံပွဲကို သာသနာ့အဆောက်အအုံမို့လို့ တွေ့ခွင့်မပြုဘူးလို့ ပြောပါတယ်။ ရခိုင်အမျိုးသားပါတီ မြို့နယ်ရုံးမှာ တွေ့မယ်ဆိုရင်လည်း အသံချဲ့စက်မသုံးရဘူးလို့ တားမြစ်ထားပါတယ်” ဟု သူက ဆိုသည်။
မဲဆွယ်စည်းရုံးရေးကာလ မဟုတ်၍ ယင်းသို့ တွေ့ဆုံခြင်းကို ကန့်သတ်ရခြင်းဖြစ်သည်ဟု အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် က ပြောဆိုသည်။
ရွေးကောက်ပွဲကော်မရှင်၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဦးကျော်သန်းလှိုင်က “ပါတီဥက္ကဌက ပါတီအဖွဲ့ဝင်တွေနဲ့ လာတွေ့တာကို ကန့်သတ်တယ်ဆိုတာ ဒါတိုင်းရင်းသားပါတီတွေကို ချိုးနှိမ်တာဖြစ်တယ်။ ဥက္ကဌက မဲဆွယ်စည်းရုံတာ မဟုတ်ဘူး”ဟု ပြောသည်။
ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်သည် ဇွန်လ ၄ ရက်နေ့တွင် အမ်းမြို့သို့ ရောက်ရှိ လာမည်ဖြစ်ပြီး၊ မြို့နယ်ရုံးအခြေစိုက်ရာ တပ်တောင်တွင် ပါတီဝင်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
အမ်းမြို့နယ် ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲကို ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
ထို့ကဲ့သို့ ကန့်သတ်ချက်များ မပြုလုပ်ရန် ပါတီ တာဝန်ရှိသူများက မြို့နယ်ကော်မရှင်ကို ထပ်မံ တင်ပြသွားမည်ဟု သိရသည်။
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတုန်းက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP သည် အမ်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သဖြင့် ကြံ့ခိုင်ရေးပါတီမှ နေရာအားလုံးတွင် အနိုင်ရရှိသွားခဲ့သည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် RNDP နှင့် ALD ပါတီ နှစ်ခုကို ပေါင်းစည်းထားသော ရခိုင်အမျိုးသားပါတီ သည် အမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တောကျေး လက်နေ ဒေသခံ အများစု၏ ထောက်ခံမှုကို ရရှိထားကြောင်း သတင်း ရရှိသည်။







