“ဒီကနေ့ နံနက် ၅နာရီ ၄၅ မိနစ်ခန့်က မီးတောင် စတင်ပေါက်ကွဲပါတယ်။ ပေါက်ကွဲချိန်မှာ ၁၀ မိနစ်ခန့် မီးခိုးတွေ ပြင်းထန်စွာ ထွက်လာတယ်။ အသံတွေလည်း ဆူညံလာပြီး ရွံ့ရည်တွေ အပေါ်ကို မြင့်တက်လာတယ်။ ဒါကို ကျွန်တော်တို့ ရွာကနေ လှမ်းမြင်ရပါတယ်” ဟု ဒေသခံ ဦးမောင်ချေက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
၎င်းမီးတောင်ကို ဒေသခံတွေက အရက်သည်မ နဂါးမီးတောင် ဟုခေါ်ဆိုကြပြီး သုံုးလေးနှစ်တွင် တစ်ကြိမ်ကျစီ ပေါက်ကွဲမှု ဖြစ်တတ် သည်ဟု သိရသည်။
၎င်းမီးတောင် ၃ နာရီခန့်ကြာ တွင်းနုတ်ခမ်းမှ ရွ့ံရည်များကို မှုတ်ထုတ်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် ငြိမ်သက်သွားကြောင်း သိရသည်။

မီးတောင်ပေါက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- နိရဥ္စရာ)
ယခု မီးတောင်ပေါက်ကွဲမှုမှာ ၂၀၁၄ ခုနှစ် သြဂုတ်လက ပေါက်ကွဲခဲ့သော သူပုန်နဂါးမီးတောင်လောက် ပျက်စီးဆုံးရှုံးမှု မများပြားကြောင်း သိရသည်။ သူပုန်နဂါးမီးတောင်ပေါက်ကွဲစဉ်က လယ်ဧက ၂၀၀ ကျော် ရွံ့ရည်များ ဖုံးလွှမ်းပျက်စီးသွားခဲ့ရသည်။
ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် ရှောက်ချောင်း၊ စည်မော်၊ ကြတ္တိန်၊ ကပ်သပြေ ကျေးရွာ လေးရွာ အကြားတွင် မီးတောင် အများအပြားရှိသော တောင်တန်းတစ်ခုတည်ရှိပြီး ယင်းတောင်တန်းတွင်ရှိသော မီးတောင်များမှာ ကြက်သေနဂါး၊ သပုန်နဂါး၊ တလင်းကြီးနဂါး၊ အရက်သည်မနဂါး စသည့် မီးတောင်များ ဖြစ်ကြသည်ဟု သိရသည်။







