နိုင်ငံတော် အစိုးရမှ ကျောက်ဖြူမြို့နယ်၊ အလယ်ဒွိန်ကျေးရွာအုပ်စုနယ်မြေတွင် အကောက်အထည်ဖော်မည့် သန့်စင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ လူထုထံ ချပြခဲ့ပြီး ဖြစ်သော်လည်း ဒေသခံပြည် သူလူထုများ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ကျေးလက်ဒေသကွန်ယက်မှ ဦးဆောင်၍ မေလ ၂၁ ရက်နေ့တွင် မအူပြိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သွားမည် ဟု ကျေးလက်ဒေသ ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ကျောက်မီးသွေးစီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားတွေကို ကျေးရွာအုပ်စုကိုယ်စားလှယ်များမှ ဆွေးနွေးသွားမယ်။ အုပ်စုအလိုက်လည်း ၀ိုင်းဖွဲ့ဆွေးနွေးသွားမယ်။ ပြီးရင် သဘောထား မှတ်ချက်များ ကောက်ယူပြီးတော့ အစည်းအဝေးမှ သဘောထားထုတ်ပြန်ကြေငြာသွားပါမယ်” ဟု ၎င်းကပြောသည်။
မေလ ၆ ရက်နေ့က ကျောက်ဖြူမြို့၊ ရမ္မဝတီခန်းမတွင် ကုမ္ပဏီတာဝန်ရှိသူများမှ ဒေသခံလူထုအား အသိပေး ရှင်းလင်းခြင်း အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ‘ဒေသခံများမကြိုက်ရင် စီမံကိန်းကို ပြုလုပ်မှာ မဟုတ်ဘူး’ ဟု ပြောဆိုထားသည်။
ကိုရီးယား ဒေဝူး (Daewoo International Corporation) နဲ့ MCM Energy Company Limited တို့အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ၎င်းစီမံကိန်း၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၂၅၀၀ ခန့်ဖြစ်ပြီး မြေဧက အကျယ်အဝန်းမှာ ဧက ၆၀၀ မှ ဧက ၁၀၀၀ ခန့် အသုံးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၊ မအူပြိန်ကျေးရွာတွင် ပြုလုပ်မည့် လူထုတွေ့ဆုံဆွေးနွေးပွဲသို့ အလယ်ဒွိန် ကျေးရွာအုပ်စု နယ်မြေဒေသခံ များ၊ ကျောက်ဖြူဒေသခံများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များအား ဖိတ်ကြားထားကြောင်းသိရသည်။







