စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန် ထိုးစစ်ဆင်လာရာ မြေပြင်ဟန်ချက်ညီ တိုက်ခိုက်မှုများကြောင့် စစ်အုပ်စုတပ် အထိနာကာ တပ်လန်နေရသည်။
လက်ရှိ စစ်တွေတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး ယခုရက်ပိုင်းအတွင်း စစ်တွေဘက်ခြမ်းရှိ စစ်အုပ်စုတပ်၏ ကာကင်းစခန်း ၄ ခုကို AA က သိမ်းပိုက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မြေပြင်မှာ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်နေတာတွေလည်း ရှိတယ်။ အဓိက တပ်တော် (AA) ဖက်က ဒရုန်း၊ လက်နက်ကြီးနဲ့ စနိုက်ဘာ ပစ်ကူပေးတာတွေက အရမ်းတိကျလာတာကြောင့် လည်း တန်ပြန်ထိုးစစ်က ပိုမို ဟန်ချက်ညီလာတယ်” ဟု ပြောသည်။
အာရက္ခတပ်တော်သည် တန်ပြန်ထိုးစစ်နှင့်အတူ မင်းချောင်းတံတားအနီး၊ ရွှေမင်းဂံရေတပ်အနီးရှိ ခမောင်းတော နှင့် အောင်မြေကုန်းကျေးရွာအနီးစသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်ရှိ ကာကင်းစခန်း ၄ ခုကို စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
AA ၏ ဗျူဟာပြောင်းလိုက်သည့် တန်ပြန်စစ်ကြောင့် စစ်အုပ်စုတပ်က စခန်းအချို့ လက်လွှတ်လိုက်ရကာ တိုက်ပွဲအတွင်း အရာရှိအဆင့် တပ်ဖွဲ့ဝင်များပါ သေဆုံးမှုများ ရှိနေသည်။
စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ စစ်ကြောင်းကြီး ၅ ကြောင်းခွဲ၍ ရေကြောင်း၊ လေကြောင်းပစ်ကူယူကာ ထိုးစစ်ဆင်ခဲ့သော်လည်း AA ၏ တန်ပြန်ထိုးစစ်အောက်တွင် တပ်ဦး ကျိုးသွားခဲ့ရသည်။
စစ်အုပ်စုတပ်သည် စစ်ရေးမအောင်မြင်သည့်အပြင် စခန်းများပါ သိမ်းပိုက်ခံရပြီးနောက် စစ်တွေ-ပုဏ္ဏားကျွန်း အစပ်ကို နေ့စဉ်ရက်ဆက် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။
ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက “ဒီနေ့ မနက်ပိုင်းကလည်း ကွမ်းတောင်ရွာအနီးပတ်ဝန်းကျင်တွေကို ဗုံးကြဲခဲ့တာ ရှိတယ်။ စစ်တပ်ရဲ့ ဗုံးကြဲမှုတွေကြောင့် စစ်တွေ-ပုဏ္ဏားကျွန်းကြားက ရွာတွေက ဒေသခံတွေကတော့ နေ့တိုင်း ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်” ဟု ပြောသည်။
လက်ရှိ တိုက်ပွဲများကြောင့် စစ်တွေအစပ်ရှိ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့မှ ဒေသခံထောင်နှင့်ချီ ထပ်မံစစ်ဘေးတိမ်းရှောင်နေကြရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ် ဖော်ဆောင်နေသော စစ်ဆင်ရေးကို "၄၉၂၆" ဟု ခေါင်းစဉ်တပ်ထားပြီး တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ရခိုင်တွင် စတင်ခဲ့သည့် ပထမဆုံး စစ်ဆင်ရေးကြီးလည်း ဖြစ်သည်။







