အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့် ရခိုင်ကုန်သည်များကို ULA အစိုးရ၏ ရက္ခိုင်ပြည်သူ့ရဲတပ်ဖွဲ့ (DLP) က ဖမ်းဆီးထားပြီး ဥပဒေအတိုင်း အရေးယူနိုင်ရေး လုပ်ဆောင် လျက် ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်က ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံနယ်စပ်ဂိတ်တွင် ဒေသခံလူငယ်များ နှင့် ရခိုင်ကုန်သည်တို့အကြား အချေအတင် စကားများ အငြင်းပွားမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်တွင် ပါဝင်သည့် ကျောက်တော်မြို့နယ်၊ ဇလိန်တောင်ရွာမှ ကိုဇော်နိုင်လင်းနှင့် ပါဝင်သူများကို ဖမ်းဆီးထားပြီဖြစ်ကာ နှစ်ဖက်တာဝန်ရှိသူများအကြား ဆွေးနွေးမှုများပြုလုပ်၍ ပြေလည်မှု ရရှိထားပြီ ဖြစ်သည်။
အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းတွင် ဖြစ်ပွားခဲ့သည့် ကိစ္စကြောင့် အာရက္ခတပ်တော်က ရှင်းလက်ဝ-ခယ်ခုံ လမ်းပိုင်းကို ၃ ရက်ကြာ ယာယီပိတ်ထားခဲ့သည်။
မရာလူငယ်များအစည်းအရုံး (MTP) ကလည်း မီဇိုရမ်ပြည် နယ်၊ ဆိုင်းဟာခရိုင်အတွင်းရှိ လောင်းဒို (Lodaw) လမ်း၊ လောင်းမချူး (Lungmasu) လမ်းနှင့် ခယ်ခုံ (Khai Khy) လမ်းကြောင်းများကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကျောက်တော်မြို့နယ်မှ ကုန်သည်အမျိုးသားတစ်ဦးက “အခုကတော့ တခြားလမ်းကြောင်းတွေက သွားနေကြ တယ်။ အဓိက အရေးပါတဲ့ လမ်းကြောင်းတစ်ခု ပိတ်သွားရင်တော့ ကုန်စည်စီးဆင်းမှု နည်းပါးသွားမယ်၊ ကြန့်ကြာမှုတွေလည်း ရှိမယ်။ အရေးကြီးတဲ့လမ်းဆိုတော့ ညှိနိုင်ဖို့ လိုအပ်တယ်” ဟု ပြောသည်။
ခယ်ခုံကျေးရွာသည် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အဓိကကျသည့် ရွာတစ်ရွာဖြစ်ပြီး ရခိုင်သို့ ကုန်သွယ်သည့် စက်လှေများကို ကျေးရွာလူငယ်အစည်းအရုံး (MTP-Khaikhy) တာဝန်ရှိသူများက စီမံခန့်ခွဲနေ ကြခြင်း ဖြစ်သည်။
လက်ရှိ ခယ်ခုံကျေးရွာဖြစ်စဉ်ကို ULA/AA ဘက်က အရေးယူ ဆောင်ရွက်ထားပြီးဖြစ်၍ လမ်းပြန်လည်ဖွင့်လှစ် နိုင်ရေး နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးလျက်ရှိရာ ပုံမှန်အတိုင်း ပြန်လည်သွားလာခွင့်ရရှိရန် ကုန်သည်များက မျှော်လင့်နေကြသည်။
မီဇိုရမ်ရောက် ရခိုင်လူငယ်တစ်ဦးကလည်း “လတ်တလော အဲဘက်ကို ရောက်နေတဲ့ ကုန်သည်တွေကတော့ ပိတ်မိနေတဲ့အနေအထားတွေ ရှိနိုင်တယ်။ အခုမိုးရာသီကတော့ တခြား ကုလားတန်စီမံကိန်း လမ်းကြောင်းက လည်း သွားလို့ရတာမို့ ကုန်စည်တော့ မပြတ်လပ်သွားနိုင်ဘူး။ လမ်းပိတ်ရင် အထူးသဖြင့် မီဇိုရမ်ဒေသခံတွေ ကားသမားတွေလည်း အလုပ်အကိုင်တွေ အဆင်မပြေ ဖြစ်သွားမယ်” ဟု ပြောသည်။
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းတွင် မကြာခဏ ပြဿနာများဖြစ်ပေါ်ကာ လမ်းယာယီပိတ်ပင်မှုများ ရှိနေလေ့ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း ပလက်ဝမြို့နယ်၊ ရှင်းလက်ဝတွင် အိန္ဒိယနိုင်ငံသား ကုန်စည်ပို့ဆောင် သူ ယာဉ်မောင်းတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သဖြင့် အဆိုပါလမ်းကြောင်းကို တစ်ပတ်ကြာ ယာယီပိတ်ထားခဲ့ရ သည်။
အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းသည် ရခိုင်ဒေသအတွက် အလွန်အရေးပါသဖြင့် ယခုကဲ့သို့ လမ်းပိတ်မှုများ နှင့် အနှောင့်အယှက်များ မဖြစ်ပေါ်စေရန် အတတ်နိုင်ဆုံး ရှောင်ရှားသင့်ကြောင်းလည်း ကုန်သည်များက တိုက်တွန်းထားကြသည်။
ဓာတ်ပုံ - (အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG)







