ထားဝယ်အထူးစီးပွားရေးဇုန်အနီး စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်

ထားဝယ်အထူးစီးပွားရေးဇုန်အနီး စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်

တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထို့ပြင် စစ်အုပ်စုတပ်ဘက်က ထားဝယ်ရေနက်ဆိပ်ကမ်း ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုများ ရှိနေခြင်း ကြောင့် စစ်ရေးပဋိပက္ခများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းကတည်းက စစ်အုပ်စုတပ်က အင်အားထောင်ဂဏန်း အသုံးပြု၍ စစ်ကြောင်းထိုးမှုများ တောက်လျှောက် ရှိနေကြောင်း FE5 Tanintharyi အဖွဲ့မှ အယ်ဒီတာ ကိုဇော်က ပြောသည်။

၎င်းက “လက်ရှိမှာတောင်ပဲ စီမံကိန်းဧရိယာနဲ့ ဆက်စပ်ဧရိယာဒေသတွေကို စစ်ကြောင်းထိုးတာတွေက အရင် နှစ်တွေထက် ပိုများလာသလိုပဲ၊ အသုံးပြုတဲ့ အင်အားတွေကလည်း အရင်ကထက် ပိုများလာတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက စပြီးတော့ အင်အားထောင်ဂဏန်းအထိ သုံးပြီးတော့ စစ်ကြောင်းထိုးတာတွေက တောက်လျှောက်ရှိနေတယ်။ ဒါကြောင့်မို့ပဲ လာမယ့် ပွင့်လင်းရာသီ ရောက်မယ်ဆိုရင်တော့ စစ်ကြောင်းထိုး တာတွေ၊ တိုက်ပွဲတွေကတော့ ပိုများလာမယ်လို့ မြင်မိတာပေါ့နော်” ဟု ပြောသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည်သူလူထုအတွက် အကျိုးနည်း၍ ဒေသခံတို့၏ လူမှုဘဝ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ကာ စစ်အုပ်စုတပ် သက်ဆိုးရှည်စေမည့် စီမံကိန်းဖြစ်သည့်အတွက် အတတ်နိုင်ဆုံး တုံ့ပြန်သွားမည်ဟု ပြောကြားထားကြောင်း ကိုဇော်က ဆက်ပြောသည်။

ယခင် အရပ်သားအစိုးရလက်ထက်ကတည်းက ဒေသခံများအနေဖြင့် စီမံကိန်းနှင့်ပတ်သက်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ခံခဲ့ရပြီး လက်ရှိ စစ်အုပ်စုတပ် အုပ်ချုပ်နေသည့် ကာလမျိုးတွင် ဒေသခံများ၏ နစ်နာဆုံးရှုံးမှုနှင့် ဆိုးကျိုးများ ပိုမိုခံစားရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

စစ်အုပ်စုတပ်ဘက်က ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ၍ စစ်ကြောင်းထိုးနေမှုကို တော်လှန်ရေး ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုတပ်ဘက်မှ ၁၅ ဦးဝန်းကျင် သေဆုံးခဲ့ ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်မတော်က ဩဂုတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထားဝယ်ဒေသခံတစ်ဦးကလည်း “ဟုတ်တယ်၊ စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်” ဟု အတည်ပြု ပြောဆိုသည်။

တနင်္သာရီတိုင်းအတွင်း ရပ်တန့်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရုရှားနိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသလို ထိုင်းနိုင်ငံကလည်း အဆိုပါစီမံကိန်းတွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ရုရှားနိုင်ငံသို့ သွားရောက်၍ သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ ရေနက်ချက်စက်ရုံအပြင် အခြား သော စက်မှုလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးခဲ့သည်။

လတ်တလောတွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဆက်သွယ်ထားသည့် လမ်းပိုင်းအချို့၌ မကြာခဏ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိသလို စစ်ဆေးရေးဂိတ်များလည်း တိုးလာသဖြင့် ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးဇုန်တို့ ပြန်လည် ဖော်ဆောင်ရန် အခက်အခဲရှိနိုင်ကြောင်း မွန်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

၎င်းက “သူနယ်မြေရှင်းလင်းရေး သူလုပ်တာကတော့ လုပ်ကောင်းလုပ်နိုင်တာပေါ့၊ သို့သော်လည်းပဲ ခဏတာ နယ်မြေရှင်းလင်းရေးလုပ်ပြီးရင် အမြဲတမ်း အေးအေးချမ်းချမ်း တည်ငြိမ်ဖို့အတွက်ကရော တာဝန်ယူပြီး ဘယ်လို ဆက်ထားမလဲပေါ့၊ အဲဒါလည်း အရေးကြီးတယ်လေ။ ဥပမာအားဖြင့် နယ်မြေရှင်းလင်းတဲ့အချိန်မှာပဲ ခဏအေးသွားတယ်၊ မကြာခဏ ထပ်ဖြစ်တယ်၊ ထပ်ဖြစ်ပြီးရင် တအုံနွေးနွေးနဲ့ အဲဒီဒေသဟာ စိတ်ပူပန်နေရတဲ့ ပုံစံမျိုးရှိနေရင်တော့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ပဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအတွက်ကတော့ အခက်အခဲကတော့ ရှိနေဦးမှာပေါ့” ဟု ပြောဆိုသည်။

အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဒေသခံ ၄ သောင်းခန့် နေထိုင်ပြီး စစ်အုပ်စုတပ်၏ စစ်ကြောင်း ထိုးမှုများကြောင့် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ကိုဇော်က “အဲဒီစီမံကိန်းဧရိယာမှာက လူလေးသောင်းလောက်နေတယ်ပေါ့နော်။ သူတို့သည် စာရွက်ပေါ်က လက်မှတ်တစ်ခုအတွက် တစ်ချိန်လုံး စစ်ကြောင်းထိုးခံနေရပြီးတော့ ပြေးနေရတယ်ပေါ့နော်။ ဒါသည် ဒေသခံ တွေအတွက်က မတရားဘူးပေါ့နော်။ စီမံကိန်းလို့ပြောလိုက်ရင် အများအားဖြင့် အကျိုးအမြတ်ရှုထောင့်ကပဲ ကြည့်လေ့ရှိတယ်ပေါ့နော်။ လူထုတွေ ခံစားရတဲ့ ရှုထောင့်ကလည်း ကြည့်ဖို့လိုတယ်” ဟု ဆက် ပြောသည်။

လက်ရှိ စီမံကိန်းနယ်မြေအတွင်း တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများ ရှိနေသလို စစ်အုပ်စုတပ်ဘက် ကလည်း အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးမှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။

Most read this week

September 14, 2026
မွန်ပြည်၊ ကျိုက်မရော-မော်လမြိုင် လမ်းပိုင်း၌ ထိုင်းကုန်ပစ္စည်းများ တင်သွင်းလာသည့်...
September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...