သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့် ဖောင်တော်ဦး ဘုရားပွဲတော်ကို အခွင့်ကောင်းယူ၍ စစ်အုပ်စုတပ်က ပေါ်တာဆွဲ ဖမ်းဆီးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
အဆိုပါ ဖောင်တော်ဦး ဘုရားပွဲတော်ကို အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၁၈ ရက်ကြာ ကျင်းပ သွားမည်ဖြစ်သည်။
နယ်မြေ မတည်ငြိမ်မှုများရှိနေသည့်အပြင် ညောင်ရွှေမြို့နယ်အတွင်း စစ်အုပ်စုတပ်က မကြာခဏ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ပွဲတော်ရက်ရှည် ကျင်းပသည့်အခါ ဒေသခံများနှင့် ခရီးသွားများ လုံခြုံရေး အတွက် စိုးရိမ်နေရကြောင်း ညောင်ရွှေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ညောင်ရွှေမှာ ခရီးသွားတွေရော စစ်ရှောင်တွေရော အဖွဲ့အစည်းတွေရော တော်တော်စုံတယ်။ ဘုရားပွဲဆိုရင် ခရီးသွားတွေ အများလာကြမှာ ဒေသခံတွေလည်း ပွဲတော်ကျင်းပကြတယ်ဆိုတော့ အလုပ်နားပြီး ပါဝင်ကြမှာ။ ဒီအပေါ်မှာ စစ်တပ်က အခွင့်ကောင်းယူပြီး ပေါ်တာတွေ ဆွဲနိုင်တယ်။ အရင်ကတည်းက တည်းခိုတဲ့ နေရာတွေ မှာ ဝင်ဆွဲနေကြဆိုတော့ စိတ်မချရဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် ပွဲတော်ကာလအတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေးယူမည်ဖြစ်ပြီး လုံခြုံ ရေး အကြောင်းပြ၍ စစ်ဆေးခြင်း၊ ငွေကြေး ကောက်ခံညှစ်တောင်းခြင်းများ ရှိနိုင်သဖြင့် သတိထား သွားလာကြ ရန်လည်း အဆိုပါ အမျိုးသားက အသိပေးပြောဆိုထားသည်။
အခြားတစ်ဖက်တွင်လည်း ပွဲတော်ကာလအတွင်း ခရီးသွားများ ဝင်ရောက်လာပါက ဒေသခံများ၏ အလုပ် အကိုင် အခွင့်အလမ်းနှင့် စားဝတ်နေရေး အဆင်ပြေလာနိုင်ကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ပွဲတော်အတွင်းမှာဆို လှေသမားတွေကလည်း အလုပ်ရပြီး စားဝတ်နေရေး အဆင်မပြေလာမှာ။ ဈေးသည် တွေ နောက်ပြီး အင်းလေး ချည်ထည်တွေဆို ပိုရောင်းကောင်းလာမှာ။ ဒေသခံတွေအတွက် အသက်ရှုချောင်တာ ပေါ့လေ။ ကိုယ့်အင်းလေး ဒေသက ရိုးရာပွဲလည်း ဖြစ်တော့ ဂုဏ်ယူမိတယ်၊ နိုင်ငံရေး အခြေနေ ကောင်းရင် တော့ ပိုပြီး လူစည်တာပေါ့။”
အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်ကို နိုင်ငံရေး အခြေအနေများကြောင့် ၂၀၂၃ ခုနှစ်မှစ၍ ပြန်လည် ကျင်းပ ခဲ့သော်လည်း လူစည်ကားမှု မရှိခဲ့ပေ။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း ငလျင်နှင့် ရေဘေးဒဏ်များ ကြုံတွေ့နေရသည့်ကြား မှ အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်ကို စစ်အုပ်စုတပ်နှင့် PNO တို့ ကွပ်ကဲ၍ ဒေသခံများထံမှ ငွေကြေး ကောက်ခံကာ ကျင်းပခဲ့သည်။
လက်ရှိတွင် တောင်ကြီးခရိုင်အတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် အင်းလေးကန်အတွင်း ရေကြီးရေလျှံမှုနှင့် ရေလှိုင်းရိုက်ခတ်မှုများ ဖြစ်ပေါ်နေပြီး ခရီးသွားများ လှေစီးသွားလာရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေကြရ သည်။







