ကျုံဒိုးနှင့် ကော့ကရိတ်တွင် အမာခံစခန်းများ ဆောက်ရန် စစ်အုပ်စု ပြင်ဆင်။

ကျုံဒိုးနှင့် ကော့ကရိတ်တွင် အမာခံစခန်းများ ဆောက်ရန် စစ်အုပ်စု ပြင်ဆင်။
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)

ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ တပ်စွဲနိုင် ရေးအတွက် စစ်အုပ်စုတပ်က ဖားအံမြို့ဘက်မှတစ်ဆင့် စစ်တပ်ဝင်းများနှင့် ဂိတ်စခန်းများသို့ စက်တင်ဘာ ပထမအပတ်မှစ၍ ဆောက်လုပ်ရေးပစ္စည်းများ နေ့စဉ် ပို့ဆောင်လျက်ရှိကြောင်း ကရင်စစ်ရေး သတင်း အရင်းအမြစ်များက ပြောသည်။

ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ထားသည်မှာ တစ်နှစ်နီးပါး ကြာမြင့် ခဲ့ပြီ ဖြစ်သော်လည်း လုံလုံခြုံခြုံ အသုံးပြုနိုင်ရန် စိတ်မချရသေးသဖြင့် ထိုသို့ အခိုင်အမာ စစ်တပ်စခန်းများ ဆောက်လုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဒေသတွင်း အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

ကျုံဒိုးရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ကျုံဒိုး၊ ကော့ကရိတ် လမ်းက ရွာတွေမှာ အခုထိ လူပြန်မနေနိုင်သေး ဘူး။ သူတို့(စစ်အုပ်စု)ပဲ ရှိနေတာ။ အခု အုတ်၊ သဲ၊ ကျောက်ကားတွေ၊ ဘိလပ်မြေကားတွေ လာချတယ်။ ကွန် ကရစ် ဘန်ကာအကြီးစားတွေ၊ ဂိတ် ခြံစည်းရိုးတွေ လုပ်ဖို့ လုပ်နေတယ်။ စစ်တပ်တပ်ရင်းတွေထဲလည်း အဲဒီလို ပဲ” ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ ခံစစ်စခန်းများအတွက် ဆောက်လုပ်ရေးပစ္စည်းများကို စစ်အုပ်စုတပ်က ကျုံဒိုးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၄၅)၊ (၅၄၆)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၂)၊ ခြေလျှင်တပ်ရင်း ခလရ (၉၇)၊ ရင်ကွဲတောင်၊ ငါးတိုင်၊ လျှပ်စစ်ရုံးဝင်း၊ နွားခြံကုန်းရွာထိပ်နှင့် ကိုးတိုင် အဖွဲ့စုံဂိတ် စသည့်နေရာများသို့ ပို့ဆောင် နေခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ ဆောက်လုပ်ရေးအတွက် အလုပ်သမား ခေါ်ယူနေသော်လည်း လျှောက်ထားသူ မရှိသဖြင့် စစ်အုပ်စုတပ်က ၎င်းတို့၏ တပ်ဖွဲ့ဝင် မိသားစုများကိုသာ ငွေကြေးပေး၍ ခေါ်ယူရန် စီစဉ်နေသည်။

ဒေသခံများမှာမူ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်တွင် စစ်အုပ်စုတပ်နှင့် ခွဲထွက် ကရင့်လက်နက်ကိုင် တပ်ဖွဲ့များက ဂိတ်များချ၍ စစ်ဆေးနေခြင်းကြောင့် လွတ်လပ်စွာ ဖြတ်သန်းသွားလာရန် အခက်အခဲ ဖြစ်ပေါ်နေ ပြီး ခရီးသွားနှင့် ကုန်တင်မော်တော်ယာဉ်များမှာ အခကြေးငွေ ပေးဆောင်၍ သွားလာနေကြရသည်။

တစ်ဖက်တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ၏ ကြားဖြတ် တိုက်ခိုက်မှုကို မကြာခဏ ရင်ဆိုင်နေရသဖြင့် စစ်အုပ်စုတပ်သည် စစ်အင်အား မဖြည့်တင်းနိုင်ဘဲ ကျေးရွာများ ဘက်သို့ နေ့စဉ် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

ကော့ကရိတ်အခြေစိုက် အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့အတိုက်မခံရအောင် နေ့ တိုင်း တောင်ပိုင်း၊ မြောက်ပိုင်း ရွာတွေကို ပစ်ခတ်တာရှိတယ်။ ကာမီကာဇေ(အသေခံ) ဒရုန်းနဲ့လည်း ကြဲတာ မျိုး ရှိတယ်။ တောင်ကြာအင်း၊ လှိုင်ကွယ်ဘက်အထိ လက်နက်ကြီး ပစ်တယ်” ဟု ပြောသည်။

လက်ရှိတွင် ကျုံဒိုးနှင့် ကော့ကရိတ် ကျေးရွာများဘက်သို့ စစ်အုပ်စုတပ်က UAV ကင်းထောက်ဒရုန်းများဖြင့် ထောက်လှမ်းရေး လုပ်ဆောင်နေသလို ဖားအံမှတစ်ဆင့် ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ၊ နဘူး၊ ပိုင်ကျုံနှင့် လှိုင်းဘွဲ ဘက်သို့ စစ်ကူ၊ ရိက္ခာနှင့် ခဲယမ်းများ နေ့စဉ် ပို့ဆောင်လျက်ရှိသည်။

ထို့ပြင် ရှေ့တန်းတွင် ထိခိုက်ဒဏ်ရာရရှိလာသည့် တပ်ဖွဲ့ဝင်များကိုလည်း စစ်သုံး မော်တော်ယာဉ်တန်းများဖြင့် ဖားအံဘက်သို့ ပြန်လည်သယ်ဆောင်လျက်ရှိသည်။

September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...