စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ ပြုလုပ်လာသဖြင့် သျှမ်းပြည်ရှိ လူငယ်များမှာ သွားလာရေး သတိထားနေကြရသည်။
ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများ ရှိနေသဖြင့် လူငယ်များသည် နေ့လယ်ပိုင်းတွင် အပြင်သို့ သတိဖြင့် သွားလာနေရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ နှစ်ဝန်းကျင်ရှိ အောင်ပန်းမြို့နေ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“အခု ညနေလောက်ဆိုရင် အပြင်သွားရင် သတိနဲ့သွားနေရတယ်။ ညဆိုရင်လည်း သိပ်မထွက်ရဲဘူး။ ပေါ်တာဆွဲ တာက ပေါ်တင်ဖြစ်နေတယ်။ အိမ်ပတ်ဝန်းကျင်လောက်ပဲသွားတော့တယ်။ ညဆိုရင် အဝေးကြီးသွားတာ ဆိုင် ထိုင်တာ မလုပ်ရဲဘူး” ဟု အဆိုပါ လူငယ်က ပြောသည်။
ယခုရက်ပိုင်း မြို့ကြီးများ၏ နေ့ခင်း လူသွားလူလာများသည့် နေရာများတွင် အရပ်ဝတ်ဖြင့် ပေါ်တာဆွဲနေခြင်း များ ရှိသကဲ့သို့ အချို့မှာလည်း စစ်အုပ်စုတပ်သား ဟန်ဆောင်၍ လူငယ်များကို ဖမ်းဆီးခြင်းများ ပြုလုပ်နေ ကြောင်း တောင်ကြီးမြို့ပေါ်တွင် နေထိုင်သည့် လူငယ်များက ပြောဆိုသည်။
တောင်ကြီးမြို့နေ လူငယ်တစ်ဦးက “ရန်ကုန်လို မြို့ကြီးမှာတောင် နေ့လယ်ပိုင်း လူမြင်ကွင်းမှာ အရပ်ဝတ်နဲ့ ပေါ်တင်ဖမ်းနေတာ၊ နောက် တာချီလိတ်ဘက်မှာလည်း အရပ်ဝတ်နဲ့ စစ်သားဟန်ဆောင်ဖမ်းတာရှိတယ်လေ။ ဒီသတင်းတွေကြောင်း အခု အပြင်သွားရမှာ ခပ်လန့်လန့်ပဲ” ဟု ပြောသည်။
ထို့ကြောင့် ယခုနောက်ပိုင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးသည့်ကိစ္စမှာ ကြိုတင် မသိရှိနိုင်ကြောင်း၊ သွားလာ ရေး သတိရှိကြရန်နှင့် ကျောင်းသားများကိုလည်း ဖမ်းဆီးနေသဖြင့် လူငယ်များ ကျောင်းသွားရန်ပင် ကြောက် လန့်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
၎င်းက “ပေါ်တာဆွဲတာက ဘယ်လိုဆွဲမလဲ၊ ဘယ်လိုလာဖမ်းမလဲဆိုတာ မသိနိုင်တော့ သွားအလာ သတိနဲ့ပဲ နေ နေရတာ။ ကျောင်းသားမကလို့ ဘာပဲဖြစ်နေဖြစ်နေ ပေါ်တာက ဆွဲတာပဲ၊ အရပ်ဝတ်နဲ့ ဆွဲတာမျိုးလည်း ရှိ တယ်” ဟု ဆက်ပြောသည်။
ယခုကဲ့သို့ ပေါ်တာဆွဲခံရမည်ကို စိုးရိမ်မှုများကြောင့် လူငယ်များအနေဖြင့် ညဘက် သွားလာမှုကို ကန့်သတ် လာကြပြီး မြို့တွင်း လူသွားလူလာများလည်း လျော့နည်းလာကြောင်း တောင်ကြီးမြို့ခံများက ပြောပြသည်။
စစ်အုပ်စုတပ်သည် လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်တစ်ခုလျှင် လူငယ် ၅,၀၀၀ ခန့် ခေါ်ယူနေ ကြောင်း ပြောဆိုမှုများရှိနေသည်။
ဇူလိုင်လအတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသည့် စစ်မှုထမ်းအပတ်စဉ် (၂၇) အတွက် လူအင်အား အချိန်မီ မစု ဆောင်းနိုင်သဖြင့် သင်တန်းဖွင့်လှစ်ရက် နောက်ဆုတ်ခဲ့ရပြီး ဩဂုတ်လ ၃ ရက်နေ့မှသာ သင်တန်း ဖွင့်လှစ်နိုင်ခဲ့ ခြင်း ဖြစ်သည်။
ထို့ကြောင့် စစ်မှုထမ်းအပတ်စဉ် (၂၈) အတွက် လူအင်အားကို ကြိုတင်စုဆောင်းထားရန် နေပြည်တော် စစ်မှု ထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း၊ ခရိုင်၊ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များထံ ညွှန်ကြားထားပြီး ညွှန်ကြားချက်ကို မလိုက်နာပါက အရေးယူ ဆောင်ရွက်ရန်လည်း ညွှန်ကြားခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် စက်တင်ဘာလ ၇ ရက်က ကျင်းပခဲ့သည်။
ပုံစာ - ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)







