ရွှေကုက္ကိုလ်မှ တရုတ်များကို ပိုင်ကျုံမြို့နယ်ထဲသို့ KNA နေ့စဉ် ရွှေ့ပြောင်းပေးနေ

ရွှေကုက္ကိုလ်မှ တရုတ်များကို ပိုင်ကျုံမြို့နယ်ထဲသို့ KNA နေ့စဉ် ရွှေ့ပြောင်းပေးနေ

ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ တရုတ် လူမျိုး အများအပြားကို ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၇) နယ်မြေ၊ ပိုင်ကျုံမြို့နယ်၊ ကျော်ကေ ထသို့ ကရင်အမျိုးသားတပ်မတော် (KNA) က နေ့စဉ် ပို့ဆောင်ပေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ကရင်နယ်ခြားစောင့်တပ် (BGF) မှ အသွင်ပြောင်းထားသည့် KNA သည် အဆိုပါ တရုတ်လူမျိုးများကို ပို့ဆောင် ရန် ကျေးရွာနေ ပြည်သူပိုင် မော်တော်ယာဉ်များကို အခကြေးငွေ မြင့်မားစွာပေး၍ ငှားရမ်းနေခြင်းဖြစ်ပြီး KNA တပ်ဖွဲ့ဝင်များကိုပါ လုံခြုံရေးအဖြစ် ထည့်သွင်းပေးခြင်းများ ရှိကြောင်း ဒေသခံ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

နဘူးကျေးရွာအနီး နေထိုင်သည့် ကားသမားတစ်ဦးက “တရုတ်တွေကိုသွားပို့ဖို့ ရွာတွေဘက်မှာ ကားတွေလာငှား တယ်။ တခြား ပစ္စည်းတင်တာထက် စျေးနှုန်းတွက် ခြေကိုက်တော့ ကားသမားတွေသွားတာအများကြီးပဲ။ KNA တပ်တွေက လုံခြုံရေးယူပေးတော့ မကြောက်ရ ဘူး” ဟု ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကျော်ကေထဂွင် အတွင်း ကျားဖြန့်လုပ်ငန်းအတွက် အဆောက်အအုံ အများအပြား ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းများ စတင်ပြောင်းရွှေ့ လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် KNU ထိန်းချုပ်နယ်မြေအတွင်း KNA က ထိုသို့ အဆောက်အအုံများ လာရောက်ဆောက်လုပ်နေသည့် အပေါ် ဒေသဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းအနေဖြင့် သိရှိ တားမြစ်ခဲ့ကြောင်းလည်း KNU ဖားအံခရိုင်ဘက်က ပြောဆိုသည်။

ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက “သူတို့ အဆောက်အအုံ လာဆောက်တာ မှန်ပါတယ်။ ကျနော်တို့ ဘက်ကလည်း တားတော့ တားမြစ်ထားတယ်။ သူတို့လာလုပ်တာက ကျော်ကေထထဲမှာ မဟုတ်ပေမယ့် ကျော် ကေထနဲ့ နီးတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

KNA သည် BGF မှ အသွင်မပြောင်းမီ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက အဆိုပါ ဒေသတစ်ဝိုက် မြေနေရာ အများအပြား လိုက်လံဝယ်ယူထားခြင်း ဖြစ်ကြောင်းလည်း နီးစပ်သူများက ပြောသည်။

လက်ရှိ ကျော်ကေထဂွင်အတွင်းရှိ ဒေသအခေါ် ပလောတို၊ ခူ့ဖာဒို့ နှင့် နေရာသစ် စသည့် နေရာများတွင် အဆောက်အအုံကြီးများ ဆောက်လုပ်ထားပြီး ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်၊ မယ်တန်မြို့ တစ်ဖက်ကမ်း မယ်လရွာနှင့်လည်း နီးကပ်လျက်ရှိသည်။

ထို့ပြင် လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ကျော်ကေထနှင့် မယ်လ တရုတ်ဆိုက်ဟုဆိုကာ အွန်လိုင်းငွေ လိမ်လုပ်ငန်းအတွက် သာမက စားဖိုမှူး၊ သန့်ရှင်းရေး၊ လုံခြုံရေး ဝန်ထမ်းများကိုလည်း သတ်မှတ် လုပ်အားခ များဖြင့် ကြော်ငြာ၍ အလုပ်ခေါ်ယူနေသည်ကို တွေ့ရသည်။

ကျားဖြန့် လုပ်ကိုင်မည့် ဝန်ထမ်းများတွင် တရုတ်နိုင်ငံသားများအပြင် အခြား နိုင်ငံခြားသားများ ပါဝင်သကဲ့သို့ အောက်ခြေဝန်ထမ်းများအတွက် မြန်မာနိုင်ငံအတွင်းမှ လာရောက်လျှောက်ထားကြသူများလည်း ရှိသည်။

အလုပ်သွားရောက် လုပ်ကိုင်မည့်သူများသည် ရွှေကုက္ကိုလ်မှတစ်ဆင့် ရွာသားပိုင် မော်တော်ယာဉ်များကို ငှားရမ်း၍ သွားရောက်ကြရကြောင်း ဒေသခံများက ဆိုသည်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဖြင့် နိုင်ငံတကာ၏ အာရုံစိုက်ခြင်း ခံခဲ့ရသည့် ရွှေကုက္ကိုလ် အပါအဝင် KK Park နှင့် မင်းလက်ပံရှိ ကျားဖြန့်ဆိုက်များကို ပြီးခဲ့သည့်နှစ်အတွင်း စစ်အုပ်စုတပ်က ဟန်ပြဖျက်ဆီးမှုများ ပြုလုပ်ခဲ့ သည်။

ထို့နောက်တွင် အဆိုပါ နေရာအသီးသီးမှ ကျားဖြန့် လုပ်ကိုင်သူများသည် ကရင်ပြည်အတွင်းရှိ ကျောက်ခက်၊ ဘုရားသုံးဆူ၊ သေ့ကတေနှင့် လက်ရှိ ကျော်ကေထ နေရာများ အပါအဝင် သံလွင်မြစ် အနောက်ဘက်ကမ်းရှိ DKBA (ခွဲထွက်) ဗိုလ်ဘိ နယ်မြေ၊ ကော့ဖျံတောင် အနီးဝန်းကျင်အထိ ဖြန့်ကျက် ရောက်ရှိလာပြီး လုပ်ငန်းများ ပြောင်းရွှေ့ လုပ်ကိုင်လာကြခြင်း ဖြစ်သည်။

ဓါတ်ပုံ - (KNA / KNA တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုကို တွေ့ရစဉ်။)

September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...