မုဒုံတွင် လုယက်မှုနှင့် လူငယ်ပျောက်ဆုံးမှုများနောက်၌ ခမရ (၂၀၉) နှင့် BGF ပါဝင်နေဟုဆို

မုဒုံတွင် လုယက်မှုနှင့် လူငယ်ပျောက်ဆုံးမှုများနောက်၌ ခမရ (၂၀၉) နှင့် BGF ပါဝင်နေဟုဆို

မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင် လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေပြီး ယင်းဖြစ်စဉ်များတွင် ကမာဝက်အခြေစိုက် ခမရ (၂၀၉) တပ်ရင်းမှ တာဝန်ရှိသူများနှင့် BGF တို့ ပါဝင်ပတ်သက်နေကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လကုန်ပိုင်းက ဖယ်ဒို၊ ကွန်လှာ၊ ဂုန်ညင်းတန်းကျေးရွာတို့တွင် လူငယ်များ စီးနင်းလာသည့် ဆိုင်ကယ်နှင့် ဖုန်းများ မကြာခဏ လုယက်ခံနေရသည့်အပြင် ယနေ့အချိန်အထိ သတင်းအစအန မရရှိဘဲ ပျောက်ဆုံးနေသည့် လူငယ်တစ်ဦးလည်း ရှိနေသည်။

ဖမ်းဆီးထားသည့် လူငယ်နှင့် ပျောက်ဆုံးနေသည့် တန်ဖိုးရှိ ပစ္စည်းများကို ကမာဝက်နယ်မြေရဲစခန်းနှင့် ခမရ (၂၀၉) တပ်ရင်းတွင် ထိန်းသိမ်းထားကြောင်း အကြောင်းကြားလေ့ရှိပြီး ချိန်းဆိုထားသည့်နေရာတွင် ငွေကြေး သွားရောက်ပေးဆောင်ရကြောင်း ကာယကံရှင်မိသားစုနှင့် နီးစပ်သည့် မုဒုံဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

မုဒုံဒေသခံ အမျိုးသမီးက “ကလေးတွေကို ကားနဲ့ခေါ်သွားပြီးတော့ အစမှာ မုဒုံရဲစခန်းအနီးမှာ လာတွေ့ဖို့ခေါ် တယ်။ အဲဒီနေရာက အခြေအနေမကောင်းတော့ ကျောက်တစ်လုံးတောင်ခြေမှာပဲ ပိုက်ဆံလာပေးဖို့ တစ်ခေါက် ပြန်ပြောလာတယ်။ ကလေးတစ်ယောက်ကို သိန်း ၂၀ ပေးမှ လွှတ်ပေးမယ်လို့ပြောတယ်” ဟု ပြောသည်။

လူငယ်များ စီးနင်းလာသည့် ဆိုင်ကယ်များကို သေနတ်ပြ လုယက်သည့်ပုံစံအပြင် စစ်ဝတ်စုံအပြည့်ဖြင့် လမ်းမကြီးတွင် စောင့်ဆိုင်းဖမ်းဆီး ယူဆောင်ခြင်းများလည်း ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုသို့ဖြစ်စဉ်များကို ကမာဝက်အခြေစိုက် ခမရ (၂၀၉) တပ်ရင်း တာဝန်ခံနှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေ သည့် BGF အဖွဲ့တို့က ကြိုးကိုင်လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း ဒိုးမားကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုထားသည်။

“သူတို့ (စစ်တပ်သားတွေ) ဒိုးမား-ကလော့သော့ကြားက လမ်းမကြီးနေရာတွေ (ရေတံခွန်ကြီး) မှာ နေ့တိုင်း စောင့်နေတာ။ အထူးသဖြင့် ညနေပိုင်းပေါ့။ ကလေးတွေ ရေတံခွန်မှာ ရေလာဆော့တာပဲဖြစ်ဖြစ်၊ သံဖြူဇရပ် က လာတဲ့သူတွေဖြစ်ဖြစ်တွေ့ရင် ဖမ်းတယ်။ သူတို့က စစ်သားအဝတ်နဲ့ပဲစောင့်တယ်။ ဒါပေမဲ့ BGF တွေပဲ ဖမ်းတယ်၊ ဗမာစစ်သားတွေက ကြိုးကိုင်သူတွေပေါ့” ဟု ပြောသည်။

မုဒုံမြို့နယ်နှင့် အလားတူ ပေါင်နှင့် ရေးမြို့နယ်တို့တွင်လည်း ယင်းသို့ဖြစ်ရပ်များ ဖြစ်ပွားနေသော်လည်း တာဝန်ယူဖြေရှင်းပေးနိုင်သူ မရှိသေးကြောင်း ဒေသခံများက ဆက်လက်ပြောသည်။

ကလော့သော့ကျေးရွာ ဒေသခံတစ်ဦးက “ကျေးရွာဥက္ကဋ္ဌကတော့ သူ ကြိုတင်ပြောထားပြီးသားပဲ။ ည ၈ နာရီ ကျော်လို့ အပြင်ထွက်တဲ့လူတွေ ပျောက်သွားရင် သူတို့ တာဝန်မယူပေးနိုင်ဘူး။ အခု နေ့ခင်းပိုင်းမှာ ပေါ်တာဆွဲခံ နေရတဲ့သူတွေဆိုရင်လည်း သူတို့ဘက် (ကျေးရွာဥက္ကဋ္ဌ) က ကူညီပေးနိုင်တာ ဘာမှမရှိဘူး” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် ယခုရက်ပိုင်းအတွင်း စစ်မှုထမ်းတပ်သား လိုအပ်ချက်အရ ရန်ကုန်အပါအဝင် မွန်ပြည် အတွင်း နေ့ခင်းပိုင်းတွင်ပင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေသဖြင့် လူငယ်များကြား စိုးရိမ်မှု ထပ်မံ မြင့်တက်နေသည်။

ယခုကဲ့သို့ ပြည်သူများ ကြုံတွေ့နေရသည့် မတရားမှုများကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဝိုင်းဝန်းဖြေရှင်းပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုထားကြသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...
September 8, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းကျေးရွာအချို့တွင် စစ်အုပ်စုတပ် စစ်ကြောင်းများက ၎င်းတို့...