ငါန်းဇွန်တွင် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၍ သံဃာတော် ၁ ပါး ပျံလွန်၊ စစ်ရှောင် ၃ ဦး သေဆုံး

ငါန်းဇွန်တွင် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၍ သံဃာတော် ၁ ပါး ပျံလွန်၊ စစ်ရှောင် ၃ ဦး သေဆုံး
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့် ဆွမ်းဘုန်းပေးနေသည့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး အဆိုပါကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် သုံးဦး သေဆုံးခဲ့ ကြောင်း သတင်းအရင်းအမြစ်များက ပြောသည်။

စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၆ ရက် နံနက် ၈ နာရီတွင် အင်အားရာချီဖြင့် မင်းဂျိုကျေးရွာသို့ စစ်ကြောင်း ထွက်လာပြီးနောက် နံနက် ၁၁ နာရီခန့်၌ အဆိုပါကျေးရွာ အနောက်ဘက်ရှိ ရွာသစ်တောကျောင်းကို ပစ်မှတ် ထား၍ ဒရုန်းဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ငါန်းဇွန်စစ်ကြောင်းထိုးတာ သုံးလရှိပြီ။ ပြီးတော့ တိုက်ပွဲမရှိဘဲ ဗုံးကြဲတာ။ အဲ့ဒီမှာ ဘုန်းကြီးတစ်ပါး ဆွမ်းစား နေချိန် ကြဲတာ၊ စစ်ရှောင်တွေလည်း သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ ငါန်းဇွန်မှာ နေ့တိုင်း ဒရုန်း ချတယ်။ နေ့တိုင်းလိုလို ငါန်းဇွန်အရှေ့၊ အနောက်၊ တောင်၊ မြောက် စစ်ကြောင်းလှည့်ထိုးတာ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်ကလည်း မြို့သာနှင့် ငါန်းဇွန်အစပ်ရှိ မြောက်ကျင်းကျေးရွာတွင်လည်းကောင်း၊ စက်တင်ဘာလ ၂ ရက်က သံကုန်းကျေးရွာ အနောက်ဘက်တွင်လည်းကောင်း တောထဲ၌ ခိုလှုံတိမ်းရှောင်နေ သည့် စစ်ဘေးရှောင်များရှိရာနေရာသို့ စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့သဖြင့် စစ်ဘေးရှောင် အမျိုးသား တစ်ဦး သေဆုံးခဲ့သည်။

ထို့ပြင် သားကျင်ကျေးရွာသို့လည်း စက်တင်ဘာလ ၇ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံများမှာ ကျေးရွာအပြင်သို့ စစ်ဘေးရှောင်နေကြသဖြင့် လူအထိအခိုက် မရှိသော်လည်း နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။

ငါန်းဇွန်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းကလည်း ဧရာဝတီမြစ်ရေ မြင့်တက်မှုနှင့် ရေကြီးရေလျှံမှု များကြောင့် စစ်ဘေးရှောင် အိမ်ထောင်စု ၃၆,၀၀၀ စုမှာ အခက်အခဲများ ကြုံတွေ့နေရပြီး လက်ရှိအချိန်အထိ စားနပ်ရိက္ခာနှင့် သောက်သုံးရေများ လိုအပ်လျက်ရှိကြောင်း ကူညီကယ်ဆယ်သူများထံမှ သိရသည်။

ငါန်းဇွန်ဒေသခံများသည် ရေဘေးနှင့်အတူ စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးသည့်ရန်နှင့် လေကြောင်းရန်ကိုပါ တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရခြင်းဖြစ်သည်။ လက်ရှိတွင် ငါန်းဇွန်မြို့နယ်အတွင်း ဒေသခံ ၃၀,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...