မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀ နီးပါးကို စစ်အုပ်စုတပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က ကျိုက်မရော-မော်လမြိုင် ကားလမ်းရှိ ကြက်သွန်ကုန်းကျေးရွာနှင့် နတ်စမ်းကျေးရွာကြား၌ ထိုင်းကုန်ပစ္စည်းတင်ဆောင်လာသည့် ကားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကုန်ပစ္စည်းများသည် ဘုရားသုံးဆူမြို့မှတစ်ဆင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ကျိုက်မရောမြို့နယ်၊ ကတုံးစိကျေးရွာ ဘိလပ်မြေစက်ရုံအနီးတွင် ခေတ္တရပ်နားကာ ထိုမှတစ်ဆင့် ခေါက်တို ပြန်လည်သယ်ယူသည့် ကားများဖြစ်သည်။
စစ်အုပ်စုတပ်သည် ထိုင်းကုန်ပစ္စည်းများကို စစ်ဆေးရေးဂိတ်များမှစ၍ ဖမ်းဆီးနေသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ထိုင်းကုန်က လက်ရှိ ဂိတ်တွေမှာကို ဖမ်းတာ၊ ကျနော်တို့ဘက်ခြမ်းကျတော့ ဘုရားသုံးဆူက ဝင်တာ။ အဓိက ထိုင်းကုန်ပစ္စည်းတွေပဲ အသုံးများတယ်လေ။ အများစုက ဒီထိုင်း စားသောက်ကုန်နဲ့ အသုံး အဆောင်တွေ အသုံးများတဲ့ အခါကျတော့ အခုလိုမျိုး ဖမ်းတဲ့ အခါကျတော့ ကုန်ဈေးနှုန်းတွေ တက်သွားတာ ပေါ့” ဟု ပြောသည်။
ထို့ပြင် ပြည်တွင်း၌ အရည်အသွေးမီ ကုန်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ လိုက်လံဖမ်းဆီးနေ ခြင်းသည် ပြည်သူများကို အကျပ်အတည်း ပိုမိုတွေ့အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း အဆိုပါ ဒေသခံ က ဝေဖန်သည်။
ယခု ဖမ်းဆီးခံရသည့် ကားများသည် မွန်ပြည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် ခွင့်ပြုချက်ဖြင့် တရားဝင်ဖွင့်လှစ်ထားသော စပယ်ဂူတံတားဂိတ်နှင့် ကျိုက်မရောအဖွဲ့စုံဂိတ်တို့ကို ဖြတ်သန်းပြီးမှ ဖမ်းဆီးခံရခြင်းဖြစ်သဖြင့် ဒေသခံများအကြား မေးခွန်းထုတ်စရာ ဖြစ်လျက်ရှိသည်။
စစ်အုပ်စုတပ် လက်အောက်ခံများသည် ထိုင်းကုန်ပစ္စည်းများကို မြို့ဝင်မြို့ထွက်ဂိတ်များ၊ ကုန်ဝင်ရောက်ရာ လမ်းကြောင်းများ၊ ကုန်ဂိုဒေါင်များအပြင် ရှောင်တခင်ဈေးများ၌ပါ တရားမဝင် ကုန်ပစ္စည်းဟုဆိုကာ ဖမ်းဆီးနေ သဖြင့် ဒေသတွင်း၌ ကုန်ဈေးနှုန်း အနည်းငယ်မြင့်တက်လာသည့်အပြင် မြေပြင်တွင် ကုန်ပစ္စည်းအချို့ ပြတ်လပ် မှုများပါ ကြုံတွေ့နေရသည်။
ထိုင်းကုန်ပစ္စည်းများကို တရားဝင်သယ်ဆောင်နိုင်ရန် ကုန်သည်များက လုပ်ဆောင်နေသော်လည်း သွင်းကုန် လိုင်စင်များကို တင်းကျပ်ထားသဖြင့် မှောင်ခိုပုံစံ တင်သွင်းနေရခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
မွန်ပြည်သည် ထိုင်းနိုင်ငံမှ တင်သွင်းသည့် အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်နှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများကို အဓိက အမှီပြုအားထားနေရသည့် ပြည်နယ်တစ်ခု ဖြစ်သည်။







