တကောင်းနီကယ်စက်ရုံ လည်ပတ်ရန် စစ်တပ် ရေယာဉ်အုပ်စု ကျောက်မီးသွေးယူဆောင်လာ

တကောင်းနီကယ်စက်ရုံ လည်ပတ်ရန် စစ်တပ် ရေယာဉ်အုပ်စု ကျောက်မီးသွေးယူဆောင်လာ

မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈ စီးသည် စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ဝေမာသကြားစက်ရုံအနီး ရေဆိပ်၌ ကမ်းကပ်ပြီး ကျောက်မီးသွေးချရန် ပြင်ဆင်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

အဆိုပါ ဖလပ်သံခွန်များသည် ထူးဆိပ်တွင် ကမ်းကပ်ခြင်းမဟုတ်ဘဲ ဝေမာသကြားစက်ရုံဘက်၌ ကပ်ထားခြင်း ဖြစ်ကာ စစ်သင်္ဘောများမှာမူ ကမ်းကပ်သည့်အုပ်စုတွင် မပါဝင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“သံခွန်တွေ ထူးဆိပ်မှာမကပ်ဘဲ ဝေမာ သကြားစက်ဘက်မှာ ကပ်ပါတယ်။ ကားတက်ဖို့ပြင်နေတာလည်း တွေ့ရ ပါတယ်။ စုစုပေါင်း ၂၈ စီးပါ။ စစ်သင်္ဘောတွေကတော့ ကမ်းကပ်တဲ့အထဲ မပါဘူး” ဟု ပြောသည်။

ကမ်းကပ်ထားသည့် ဖလပ်သံခွန်များတွင် အရပ်သားအများစု ပါလာသည်ဟု ယူဆရပြီး ဝေမာဘက်တွင် ကျောက်မီးသွေးများချရန် ပြင်ဆင်နေခြင်းဖြစ်သည်။

“ဝေမာက စက်ရုံမှာ ကျောက်မီးသွေးတွေ ချမယ်လို့ သိရတယ်။ သင်္ဘောအားလုံးတော့ မဟုတ်ဘူး၊ တချို့က မဲဟင်းရောက် နေပြီ။ ကျောက်မီးသွေးက နီကယ်စက်ရုံ ပြန်လည်ပတ်ဖို့လို့ သိရတယ်” ဟု အဆိုပါ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ဝေမာသကြားစက်ရုံနှင့် တကောင်းနီကယ်သတ္တုစက်ရုံတို့သည် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။

တကောင်းနီကယ်စက်ရုံသည် မြန်မာနှင့် တရုတ် ပူးပေါင်းလုပ်ကိုင်သည့် အကြီးစားစီမံကိန်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကာ စစ်အုပ်စုတပ်က ၂၀၂၆ ခုနှစ် မတ်လအတွင်း ပြန်လည် ထိန်းချုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ ပုံမှန်ပြန်လည်မလည်ပတ်နိုင်သေးပေ။

အဆိုပါ ရေယာဉ်အုပ်စုသည် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနှင့် ပေပင်ဆိပ်ကမ်းဘက်မှ စက်တင်ဘာလ ၄ ရက်နေ့ တွင် စတင်ဆန်တက်လာခြင်းဖြစ်သည်။

မြစ်ကြောင်းအခြေအနေကို စောင့်ကြည့်နေသည့် Yaypyin (ရေပြင်) ၏ စက်တင်ဘာလ ၇ ရက် ဖော်ပြချက်အရ ရေယာဉ်အုပ်စုတွင် စစ်သင်္ဘော ၂ စီး၊ တိုက်ခိုက်ရေးသင်္ဘော ၂ စီးနှင့် ဖလပ်သံခွန် ၂၉ စီး အပါအဝင် စုစုပေါင်း ၃၃ စီး ပါဝင်သည်။

အဆိုပါ ရေယာဉ်အုပ်စု၏ ရှေ့ပိုင်းသည် ထီးချိုင့်မြို့နယ် ကျောက်မှော်ရွာဘက်သို့ ရောက်ရှိနေပြီး မြစ်ကမ်းဝဲယာ သို့ လက်နက်ကြီး၊ စက်လက်နက်များဖြင့် ပစ်ခတ်ကာ ထီးချိုင့်မြို့ဘက်သို့ ဆက်လက်ဆန်တက်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကလည်း မန္တလေးဘက်မှ ရေယာဉ် ၁၅ စီးပါ ပထမအကြိမ် ရေယာဉ်အုပ်စု ဆန် တက်လာစဉ် ရွှေကူနှင့် ဗန်းမော်ကြား၌ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရသည်။

ထိုစဉ်က ရေယာဉ်အုပ်စု၏ ထက်ဝက်နီးပါး ပျက်စီးခဲ့ပြီး စစ်သားများနှင့် တပ်မိသားစုများ အပါအဝင် လူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရကာ နောက်ဆုံးတွင် ရေယာဉ် ၇ စီးသာ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည်။

လက်ရှိ ဆန်တက်လာသည့် ရေယာဉ်အုပ်စုထဲမှ စစ်သင်္ဘော ၁ စီးနှင့် CB တွဲရေယာဉ် ၃ စီးမှာ ကသာမြို့တွင် ညအိပ်ကမ်းကပ်ခဲ့ပြီး စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် ကသာမြို့ထက်ဘက်သို့ ဆက်လက်ဆန်တက် လျက်ရှိသည်။

ဒေသခံများခေါ်ဆိုသည့် CB တွဲသင်္ဘောဆိုသည်မှာ တွဲတွန်းနှစ်စီးနှင့် ဖလပ်သံခွန်တွဲထားသော ရေယာဉ်ကို ဆိုလိုခြင်းဖြစ်သည်။

ဓာတ်ပုံ - (ဧရာဝတီမြစ်ကြောင်းပေါ်တွင် မြင်တွေ့ရသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စု။ / Crd)

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...