စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်အုပ်စုတပ်က စစ်ကြောင်းထိုး စီးနင်းပစ်ခတ်မှုများကြောင့် စက်တင်ဘာလ ၁ ရက်နေ့အထိ လေးရက်တာကာလအတွင်း အရပ်သား ၃ ဦး သေဆုံးကာ ၂၀ နီးပါး ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
မုံရွာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ ပြန်ဆုတ်လာသည့် အင်အား ၃၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်း သည် စက်တင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ခင်မွန်ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ရာ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၇၀ အရွယ် ဖခင်ဖြစ်သူတို့ နေရာတွင်ပင် သေဆုံးခဲ့ရသည်။
စစ်ကိုင်းတိုင်း ဒေသခံတစ်ဦးက "မုံရွာဘက်မှာ တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်လာတဲ့ စစ်တပ်က ရွာထဲကို ရုတ်တရက် လက်နက်ကြီးရော သေနတ်တွေပါ ပစ်ဝင်လာတာ။ သားအဖ နှစ်ယောက် လက်နက်ကြီးထိပြီး ပွဲချင်းပြီး ဆုံးသွားတာပါ” ဟု ပြောသည်။
အဆိုပါ စစ်အုပ်စုတပ် စစ်ကြောင်းသည် ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ကျီကုန်းအရှေ့ရွာနှင့် အနောက်ရွာ အနီးသို့ ဒရုန်းဖြင့် ဗုံးသီးများ ကြဲချခဲ့ရာ အရပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကြောင်းနှင့် ထိတွေ့မိသည့် ဒေသခံ အမျိုးသားတစ်ဦးလည်း ပစ်သတ်ခံခဲ့ရသည်။
ထို့ပြင် ဩဂုတ်လ ၂၉ ရက်နေ့ စစ်ကြောင်းစတင်ထွက်ခွာစဉ်ကတည်းက ဒေသခံ ၅၀ ခန့်ကို စစ်အုပ်စုတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
မုံရွာနှင့် ချောင်းဦးမြို့နယ်ကြားရှိ ရွှေဒါးကျကျေးရွာသို့ ဩဂုတ်လ ၃၀ ရက်နေ့တွင် စစ်အုပ်စုတပ် ရောက်ရှိ လာပြီးနောက် ဩဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက်နေ့များ၌ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးတင်ရှို့ခဲ့ရာ အနည်းဆုံး နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။
ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ရွှေဒါးကျရွာထဲမှာ စစ်တပ်က တပ်စွဲထားတုန်းပဲဆိုတော့ ရွာထဲ ပြန်ဝင်လို့ မရသေးဘူး။ အိမ် ဘယ်နှစ်လုံးပါသွားလဲဆိုတာ အသေးစိတ် မသိရသေးပေမဲ့ ၁၀ လုံးထက်မနည်း မီးလောင်သွားတာတော့ သေချာတယ်။ တိုက်ပွဲသံတွေလည်း ဆက်ကြားနေရတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းထိုးစီးနင်းမှုသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့က ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ (ပ.လ.ဖ) က စစ်တပ်သတင်းပေးဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေးစဉ် ရွှေဒါးကျရွာ ဆရာတော် ပျံလွန် တော်မူခဲ့သည့် ဖြစ်စဉ်အပြီးတွင် စစ်အုပ်စုတပ် ထောက်ခံသူများ၏ လှုံ့ဆော်မှုဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
လက်ရှိတွင် မုံရွာနှင့် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံ ပြည်သူ ၈,၀၀၀ နီးပါး စစ်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
"ရွာ ၁၀ ရွာမကဘူး၊ လူ ရှစ်ထောင်လောက် နီးစပ်ရာ တောတောင်တွေထဲ ပြေးနေကြရတာ။ အဝေးကနေ ကိုယ့်ရွာတွေ မီးရှို့ခံရတာ မီးခိုးတွေ မြင်နေရပေမဲ့ ဘာမှသွားမလုပ်နိုင်ကြဘူး။ အရေးကြီးတာက လူတွေ လွတ်အောင် ပြေးနေရတာပါပဲ။ စစ်ရှောင်တွေအတွက် ဘာလိုလဲမေးရင် အကုန်လိုနေတော့ ချက်ချင်း ဘာ ပြောရမှန်းတောင် မသိဘူး။ ရှိတာလေးတွေ မျှပြီးစားကြ နေကြနဲ့ ဘေးကင်းဖို့ကပဲ အဓိကဖြစ်နေတယ်” ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူ တစ်ဦးက ပြောသည်။
စစ်အုပ်စုတပ် စစ်ကြောင်းထိုးလာသည့် ဩဂုတ်လ ၂၉ ရက်နေ့မှစ၍ မုံရွာနှင့် ချောင်းဦးမြို့နယ်အတွင်း စစ်အုပ်စုတပ် အထိုင်ချရာ နေရာများတွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ နေ့စဉ် ဆက်လက်ဖြစ်ပွားလျက် ရှိသည်။







