ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု လုံခြုံရေးအတွက် ခြေကုပ်ယူထားသော ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးရှိ စစ်အုပ်စုတပ်၏ စခန်းကုန်းတစ်ခုကို KIA နှင့် KPDF ပူးပေါင်း တပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့ချိန်ထိ နှစ်ဖက်ကြား စစ်ရေးဆက်လက်တင်းမာနေသည်။
အဆိုပါ ဇင်းဘုံကျေးရွာ အနီးရှိ စစ်အုပ်စုတပ်၏ စခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်တို့က ဩဂုတ်လ ၃၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ စခန်းကုန်းသည် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ဗန်းမော်သို့ ဆန်တက်မည့် စစ်တပ် ရေယာဉ် ၁၅ စီး လမ်းကြောင်းလုံခြုံရေးအတွက် ဒုတိယမြစ်ကျဉ်းမရောက်မီ ယာယီတပ်စွဲထားသည့် အရေးပါသော စခန်းတစ်ခု ဖြစ်သည်။
မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဒီဇင်းဘုံရွာဆိုတာ ဒုတိယမြစ်ကျဉ်း မရောက်ခင် စစ်ကောင်စီ အတွက် လုံခြုံရေးအရ အရမ်းအရေးကြီးတဲ့ ခြေကုပ်စခန်းတစ်ခု ဖြစ်ပါတယ်။ သူတို့ဘက်က အထိအခိုက် အရမ်းများသွားတာကြောင့် ဒဏ်ရာရသူတွေကို ရဟတ်ယာဉ်နဲ့ပါ လာရောက်သယ်ထုတ်သွားရတယ်” ဟု ပြော သည်။
တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု များပြား ခဲ့သလို ဧရာဝတီမြစ်ကြောင်းအတိုင်း ပါလာသည့် စစ်အုပ်စုတပ်၏ တွန်းသင်္ဘောတစ်စီးကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
စခန်းကုန်း လက်လွှတ်လိုက်ရပြီးနောက် စစ်အုပ်စုတပ်က အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်း လေးကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာရာ ရွှေကူ-စင်းခန်း ကားလမ်းမနှင့် တော်လှန်တောင်၊ ဇင်းဘုံတောင်တကြောတို့တွင် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။
ဒေသခံ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “ဩဂုတ် ၂၅ ရက်လောက်ကတည်းက စစ်တပ်က ဇင်းဘုံ ဘက်ကို မော်တော်တွေနဲ့ တက်လာပြီး အင်အားဖြန့်တာ။ တော်လှန်ရေးတပ်တွေက ၃၀ ရက်နေ့မှာ အကုန်ပြန် တိုက်ထုတ်လိုက်တော့ နယ်မြေကို ပြန်ထိန်းထားနိုင်ပါပြီ။ ဒါပေမဲ့ စစ်တပ်က နေ့တိုင်း လက်နက်ကြီးတွေရော လေကြောင်းကနေ ကလပ်စတာဗုံးတွေနဲ့ပါ ရမ်းပြီး ဆက်တိုက်ကြဲနေတာ” ဟု ပြောသည်။
စစ်အုပ်စုတပ်၏ လေကြောင်းမှ ကလပ်စတာဗုံးများ အသုံးပြု၍ ဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာများမှ အရပ်သား ပြည်သူအချို့ သေဆုံးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့နေအိမ်များလည်း ပျက်စီးခဲ့ရသည်။
“သင်္ဘောတွေက ရွှေကူဆိပ်ကမ်းမှာ သောင်တင်နေတုန်းပဲ။ စင်းခန်းဘက်ကို ဆက်တက်လို့မရတော့ ရွာတွေ ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ။ ရွာသားတွေလည်း တိုက်ပွဲသံကြားရင် ဘေးလွတ်ရာ ပြေးနေကြရတယ်” ဟု ရွှေကူမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဗန်းမော်မြို့သို့ စစ်ကူနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်ရေယာဉ် ၁၅ စီးသည် ရွှေကူမြို့ရှိ သင်္ဘောဆိပ်များ၌ ရပ်နားထားရဆဲ ဖြစ်သည်။
KIA နှင့် ပူးပေါင်းတပ်များက စင်းခန်း-ဇင်းဘုံ လမ်းကြောင်းကို အပြင်းအထန် ပိတ်ဆို့ထားသဖြင့် ဒေသတွင်း စစ်ရေးမှာ ဆက်လက် တင်းမာနေဆဲ ဖြစ်သည်။







