လူကုန်ကူးသူများကို ထောင်ဒဏ် တစ်သက်ချမှတ်မည်ဟု ULA ပြော

လူကုန်ကူးသူများကို ထောင်ဒဏ် တစ်သက်ချမှတ်မည်ဟု ULA ပြော
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)

ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး လူကုန်ကူးမှု ကျူးလွန်သူများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း (သို့မဟုတ်) ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ် မည်ဟု ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ရခိုင်ဒေသမှ လူငယ်များသည် တရုတ်၊ ထိုင်း စသည့်နိုင်ငံများသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာရန် ကြိုးစားနေ ကြပြီး ထိုသို့ လုပ်ဆောင်ရာတွင် လူကုန်ကူးဂိုဏ်းများ၏ ရောင်းစားခြင်းများကို ကြုံတွေ့နေရသည်။

တစ်ဖက်တွင်လည်း လူကုန်ကူးသူများသည် ရခိုင်တွင် အလုပ်အကိုင် ရှားပါးမှုနှင့် စီးပွားရေး ကျပ်တည်းမှုကို အခွင့်ကောင်းယူ၍ ပြည်ပတွင် အလုပ်အကိုင် ရမည်ဟု လိမ်လည်ခေါ်ဆောင်မှုများ ရှိနေသလို NDEP (အမျိုး သားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်) ကို ရှောင်ရှားလိုသူများကိုလည်း ပစ်မှတ်ထား ခေါ်ဆောင်မှု များ ရှိနေသည်။

ထို့ပြင် ရခိုင်တွင် အလုပ်အကိုင် ရှားပါးမှုအပြင် ပညာရေးအတွက် လူငယ်အများအပြားမှာ ပြည်မနှင့် ပြည်ပသို့ ထွက်ခွာမှုများ ရှိနေပြီး ထိုသို့ ထွက်ခွာရာ၌ အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံရကာ ကာလရှည်ကြာ မိသား စုနှင့် အဆက်အသွယ် မရဘဲ ဖြစ်နေကြရသည်။

ဘူးသီးတောင်မြို့နယ်မှ ဖမ်းဆီးခံရသူ အမျိုးသမီး၏ မိသားစုဝင်တစ်ဦးက “သမီးလေးက ပြည်မဖက်မှာ ကျောင်းတက်ဖို့သွားတာ လမ်းမှာ အဖမ်းခံရပါတယ်။ အဖမ်းခံရ တာကတော့ မြောက်ဦးမြို့နယ်၊ (…) စစ်ဆေးရေး ဂိတ်မှာပါ။ ကလေးမိဘတွေက သွားတွေ့တော့ တွေ့ခွင့်မပေးဘူး။ ကလေးတွေ ကျန်းကျန်း မာမာရှိကြောင်း ဓာတ်ပုံပဲ ပြပါတယ်။ Grade - 12 တက်မယ့် ကလေးတွေလည်း ပါဝင်ပြီး ပြန်လွှတ်မယ် ဆိုကာ ထောက်ခံစာတွေ ယူခိုင်းပါတယ်။ ဒါပေမဲ့ ပြန်လည် မလွတ်မြောက်လာဘူး” ဟု ပြောသည်။

ULA အနေဖြင့် လူကုန်ကူးမှုအပြင် အကြောင်းအမျိုးမျိုးဖြင့် ရခိုင်ပြည်မှ ထွက်ခွာရန် ကြိုးစားသူများကို ဖမ်းဆီး ရရှိမှုများ ရှိနေပြီး ယင်းအနက် NDRP အကျုံးဝင်သူများကို စစ်မှုထမ်း ပို့ဆောင်ကာ အကျုံးမဝင်သူများကို ပြစ်ဒဏ်ပေး၍ လွှတ်ပေးနေကြောင်း သိရသည်။

ထို့ပြင် လူကုန်ကူးမှု ကျူးလွန်သူ ပွဲစားများကိုလည်း ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခြင်းကို တစ်ပြိုင်နက်တည်း လုပ်ဆောင်လျက်ရှိသည်။

တစ်ပြိုင်နက်တည်းမှာပင် စစ်အုပ်စုတပ်၏ လေကြောင်း အန္တရာယ်ကြောင့် တရားရုံးအချို့ အချိန်နှင့်တစ်ပြေးညီ မလည်ပတ်နိုင်ဘဲ ကြန့်ကြာမှုများ ရှိနေပြီး ထိန်းသိမ်းခံရသူများထဲတွင် ကျန်းမာရေး မကောင်းသူများ ပါဝင် သဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးထားသည့်ကြားမှ ကျန်းမာရေး ချို့ယွင်းကာ သေဆုံးမှု ဖြစ်စဉ်များလည်း ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က လူကုန်ကူးမှုဖြင့် ဖမ်းဆီးခံထားရသည့် ရမ်းဗြဲမြို့နယ်၊ ကျောက် ဆောက်ရွာမှ ဦးဇော်ဇော်မိုး၊ ဦးဝင်းမြင့်ဇော်နှင့် ဦးစိန်မြသိန်းတို့ ၃ ဦးထဲမှ ဦးဇော်ဇော်မိုးမှာ အသက်ရှူမဝခြင်း၊ အလွန် မောပန်းခြင်း၊ ချွေးထွက်လွန်ခြင်းတို့ကြောင့် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ရကြောင်း DLEPS က ဆိုသည်။

ထိုသို့သော အခြေအနေများအပေါ် စိုးရိမ်မှုများ ရှိနေသဖြင့် ပြည်မသို့ ထွက်ခွာသူများကို ဖမ်းဆီးလျှင်လည်း ဖမ်းဆီးထားကြောင်း ထုတ်ပြန်ပေးရန်နှင့် တွေ့ခွင့်ရရှိရေးကို ဖန်တီးပေးသင့်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက တောင်းဆိုကြသည်။

ပြည်မသို့ ထွက်ခွာစဉ် ဖမ်းဆီးခံရသူ လူငယ်၏ မိသားစုဝင်တစ်ဦးက “အဖမ်းခံရပြီးနောက် သားနဲ့ အဆက် အသွယ်မရတာ ၇ လကျော် ၈လနီးပါးရှိနေပါပြီ။ ကလေးတွေက သင် တန်းဆင်းပြီလို့ လူတချို့ဆီက ကြား ပါတယ်။ အတိအကျတော့ မသိရသေးဘူး။ ကျနော့် အသိတစ်ယောက်နဲ့ ကလေးတွေက (….) ဆိပ်ကမ်းနားမှာ တွေ့ပြီး ငွေလိုအပ်နေကြကြောင်း ပြောတယ်။ အသိက ကျနော်တို့ မိဘတွေကိုပြောတော့ အရမ်းစိတ်ပူပြီး ငွေပေးနိုင်ဖို့ ရှာဖွေတာ ကလေးတွေနဲ့ အခုထိ အဆက်အသွယ် မရသေးဘူး။ ဖြစ်နိုင်ရင် ကလေးတွေနဲ့ အဆက် အသွယ် ရချင်ပါတယ်” ဟု ပြောသည်။

DLEPS ဌာနအနေဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေပြီး ၂၀၂၆ ခုနှစ်၊ ဇန်န ဝါရီလမှ ဇူလိုင်လအထိ လူကုန်ကူးမှု အပါအဝင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုဖြင့် အမှုစုစု ပေါင်း ၃၅ မှုကို အရေးယူဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...