ငြိမ်ဝပ်ပိပြားရေးစတိုင် ရက် (၁၀၀) စီမံကိန်းနှင့် မြေပြင်စစ်ရာဇဝတ်မှုများ

ငြိမ်ဝပ်ပိပြားရေးစတိုင် ရက် (၁၀၀) စီမံကိန်းနှင့် မြေပြင်စစ်ရာဇဝတ်မှုများ

စစ်အုပ်စုသည် ၎င်းတို့၏ “ရက် (၁၀၀) စီမံကိန်း” တွင် ပြည်သူများ၏ လူမှုစီးပွား တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ကို အကောင်အထည်ဖော်မည်ဟု ကြွေးကြော်နေသော်လည်း လက်တွေ့မြေပြင်၌မူ လေကြောင်းတိုက်ခိုက်မှု များ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပိုမိုဆိုးရွားစွာ ကျူးလွန်လျက်ရှိ ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က အစီရင်ခံစာ ထုတ်ပြန်ပြောဆိုထားသည်။

စစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေး ကြွေးကြော်ချက်များ၊ မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်နေသည့် စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာ/အာဆီယံ၏ ဖိအားပေးမှုဆိုင်ရာ အခန်းကဏ္ဍများနှင့် ပတ်သက်၍ KNU လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ပဒိုစောအယ်ထူးကို ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထား သည်များကို ဖော်ပြလိုက်ပါသည်။

မေး – စစ်အုပ်စုရဲ့ ရက် (၁၀၀) စီမံကိန်းမှာ ပြည်သူရဲ့ လူမှုစီးပွားနဲ့ တည်ငြိမ်ရေးကို အကောင်အထည် ဖော်မယ် ဆိုတဲ့ ကြွေးကြော်ချက်နဲ့ လက်ရှိ KNU လူ့အခွင့်အရေးကော်မတီက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာပါ တွေ့ရှိ ချက်တွေ ဘယ်လို ကွာခြားမှု ရှိပါသလဲ။

ဖြေ – "စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး တည်ငြိမ်ရေးကို အကောင်အထည်ဖော်မယ်လို့ သူတို့ ကြွေးကြော်တာတော့ ရှိနေပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း စစ်တပ်ရဲ့ သဘောတရားအရ ကျနော်တို့ ဖြတ်သန်းတွေ့ကြုံမှုအရ စစ်တပ်ရဲ့ နားလည်တဲ့ တည်ငြိမ်ရေးတို့ အေးချမ်းရေး တို့ဆိုတာက ဖိနှိပ်အုပ်ချုပ်တာကနေပြီးတော့မှ ရတဲ့ တည်ငြိမ်ရေးကိုပဲ လုပ်နေကြတာ ရှိပါတယ်။ ဥပမာအား ဖြင့် ကျနော်တို့နိုင်ငံရဲ့ သမိုင်းကို ကြည့်မယ်ဆိုရင် ပြည်သူလူထုက ထပြီးတော့ တွန်းလှန်ဆန္ဒပြနေတဲ့ အချိန်မှာ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဆိုတဲ့ နိုင်ငံအဆင့် ယန္တရားကို သူတို့ တည်ဆောက်တယ်။ အဲ့ဒီ စကားလုံး ကို သေချာကြည့်မယ်ဆိုရင် ငြိမ်ရမယ်၊ ဝပ်ရမယ်၊ ပိရမယ်၊ ပြားရမယ်ဆိုတဲ့ သဘောတရားပေါ့လေ။

ဆိုတော့ “ငြိမ်ဝပ်ပိပြား” ဆိုတဲ့ သူတို့နားလည်တဲ့ ဒီငြိမ်းချမ်းရေးအရ သူတို့ သွားနေတယ်လို့တော့ နားလည် တယ်။ ဒါကြောင့်မလို့ တည်ငြိမ်ရေး၊ အေးချမ်းရေးလို့ ပြောတဲ့နေရာမှာတော့ သူတို့ပြောတဲ့ ငြိမ်ဝပ်ပိပြားမှု ဆိုတဲ့ အရင်က စစ်တပ်ရဲ့ သဘောတရားတွေကိုတောင် ပြန်ပြီး သတိရတယ်ပေါ့နော်။ ဒါကြောင့်မလို့ အခုက ဒီ ရက် ၁၀၀ မှာ သူတို့ရဲ့ လူမှုစီးပွား တည်ငြိမ်ရေးနဲ့ နိုင်ငံရဲ့ အေးချမ်းသာယာရေး၊ တည်ငြိမ်ရေးကို သူတို့ စဉ်းစားတယ် ဆိုပေမဲ့ တကယ်လက်တွေ့မှာက ဖြစ်နေတာက ပိုပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်နေတယ်။ အထူးသဖြင့် လေယာဉ်နဲ့ လက်နက်ကြီးတွေနဲ့ အကြမ်းဖက်တာတွေက တော်တော်ကို များလာပါတယ်။"

မေး – ဒီအစီရင်ခံစာထဲမှာ အဓိက ဘယ်လို အချက်အလက်တွေ ပါဝင်ပါသလဲ။ ပါဝင်တဲ့ ကဏ္ဍတွေကို အကျဉ်း ချုပ် ရှင်းပြပေးပါ။

ဖြေ – "စစ်တပ်ရဲ့ ရက် ၁၀၀ စီမံကိန်းမှာ ကြွေးကြော်တာတွေနဲ့ လုပ်ဆောင်နေတာက တကယ်ရော လက်တွေ့ ကျရဲ့လား၊ ဘာတွေ ကွာဟနေသလဲ ဆိုတာတွေကို highlight လုပ်ချင်တဲ့ သဘောတရားပါ။ ကျနော်တို့ သေချာ ကြည့်မယ်ဆိုရင် ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သူတို့ လုပ်နေ တဲ့နေရာမှာ ဘာတွေကို အဓိကထားပြီးတော့ လုပ်သလဲပေါ့။ ဘယ်နည်းဗျူဟာနဲ့ နည်းပညာနဲ့ လုပ်သလဲဆိုရင် အထူးသဖြင့် နံပါတ်တစ်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ Drone နဲ့ပေါ့နော်၊ drone နဲ့ တိုက်ခိုက်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်မယ်။ တတိယတစ်ခုကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ကိစ္စပေါ့လေ။

ဘာကြောင့်လဲဆိုတော့ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အထူးသဖြင့် စစ်တပ်ဘက်က နယ်မြေတွေ ဆုံးရှုံး လာမှုက များတယ်၊ သူတို့ လူအင်အား အရင်းအမြစ်၊ အုပ်ချုပ်ရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ အရင်းအမြစ်တွေ လည်း တအား ဆုံးရှုံးသွားတဲ့ အချိန်မှာ နယ်မြေဆုံးရှုံးတဲ့ကိစ္စကို သူတို့မထိန်းနိုင်တော့တဲ့ အချိန်မှာ အထူးသဖြင့် လေကြောင်းနဲ့ လက်နက်ကြီးကို သူတို့သုံးနေတာကို တွေ့ရတယ်။ အဓိက ပစ်မှတ်လုပ်တဲ့ နေရာတွေကတော့ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ အတွေ့အကြုံအရနဲ့ မှတ်တမ်းမှတ်ရာတွေအရဆိုရင် စာသင်ကျောင်း တွေ၊ နံပါတ် ၂ ကတော့ ရွာတွေ၊ နံပါတ် ၃ ကတော့ ဆေးရုံဆေးခန်းတွေ၊ နံပါတ် ၄ ကတော့ ဘုန်းကြီးကျောင်း တွေ၊ ဘုရားကျောင်းတွေ ဖြစ်ပါတယ်။

ကျနော်တို့ အစီရင်ခံစာထဲမှာ ပြောချင်တာက နိုင်ငံတကာရဲ့ သဘောတူညီချက်တွေပေါ့နော်၊ ဥပမာအားဖြင့် Rome Statute လိုမျိုး ကိစ္စရပ်တွေ၊ International Humanitarian Law တွေ အားလုံး ချိုးဖောက်ပြီးတော့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ သဘောတရားကို ကျနော်တို့က ထောက်ပြချင်တာ ဖြစ်ပါတယ်။"

မေး – လူ့အခွင့်အရေး ကော်မတီဘက်က ဘာကြောင့် စစ်အုပ်စု ရက် (၁၀၀) စီမံချက်ကို အဓိကထား အစီရင်ခံ စာ ထုတ်ရတာလဲ ရှင်းပြပေးပါဦး။

ဖြေ – "တကယ်တော့ ဒီစစ်တပ်ရဲ့ ဒီရက် ၁၀၀ စီမံကိန်းက တကယ်တော့ ရွေးကောက်ပွဲ လုပ်ပါတယ်ပေါ့။ ရွေးကောက်ပွဲလုပ်တယ်၊ ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ တက်လာတဲ့ အစိုးရ၊ ပြည်သူလူထုရဲ့ အကျိုးစီးပွား တွေနဲ့ နိုင်ငံရေးတည်ငြိမ်ရေးကို အကောင်အထည်ဖော်ဆောင်မယ့် အစိုးရလို့ သူတို့ကိုယ်သူတို့ ကြေညာမှာကို။ အဲ့ကိစ္စကို ကျနော်တို့ သိနေတဲ့အခါကျတော့ ကျနော်တို့က ဒီမှာပြည်သူလူထု၊ ပြည်တွင်းပြည်ပနေ မြန်မာပြည်သူ လူထုတွေနဲ့ နိုင်ငံတကာက ပြည်သူလူထုတွေအပြင် နိုင်ငံတကာက သံတမန်ရေးရာ ကိစ္စရပ်တွေကို စိတ်ဝင်စား နေတဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေကို ကျနော်တို့ ပြောချင်တာကတော့ ဒီစစ်အုပ်စုလုပ်နေတဲ့ ရက် ၁၀၀ စီမံကိန်းဟာ တကယ်တော့ ပြည်သူလူထုဆန္ဒမပါဘဲ ပုံစံအမျိုးမျိုးနဲ့ သူတို့ တရားဝင်အောင် လုပ်ထားတဲ့ အတု အယောင် ရွေးကောက်ပွဲကို သူတို့ ကြေညာချင်တာပဲ ဖြစ်တယ်။

နိုင်ငံတကာ အစိုးရရော၊ ပြည်တွင်း/ပြည်ပက ပြည်သူလူထုတွေကိုရော သူတို့က တရားဝင် အစိုးရဖြစ်ကြောင်း၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံရေး တည်ငြိမ်ရေးကို အကောင်အထည်ဖော်မယ့် အစိုးရဖြစ်ကြောင်းကို လိမ်ညာမှုတွေကို ကျနော်တို့က ဖော်ထုတ်ချင်တဲ့ အတွက်ကြောင့် ကျနော်တို့က ဒီလို ထုတ်ပြန်ချက်တွေ လုပ် ခြင်းပဲ ဖြစ်ပါတယ်။"

မေး – ရက် (၁၀၀) စီမံကိန်းမှာ KNU နယ်မြေမှာ စစ်အုပ်စုက ဘယ်လို စစ်ရေးဆောင်ရွက်မှုတွေ တိုးချဲ့လုပ် ဆောင်တာ တွေ့နေရလဲ။

ဖြေ – "ဒီစစ်အုပ်စုက ကော်သူးလေရဲ့ နယ်မြေထဲမှာပဲ စစ်ရေးကို တိုးချဲ့လုပ်ဆောင်နေတာတော့ မဟုတ်ဘူး ပေါ့နော်။ ခုနကပြောသလိုပဲ ဒီ ၅ နှစ်တာအတွင်းမှာ သူတို့ ဆုံးရှုံးထားတဲ့ နယ်မြေတွေ သူတို့ ပြန်ပြီးတော့ တိုက်ယူဖို့ သူတို့လုပ်နေတဲ့ ကိစ္စတွေရှိတယ်။ ကျနော် ကရင်အမျိုးသားအစည်းအရုံး ဒေသမှာလည်းပဲ သူတို့ တကယ်လုပ်သွားတဲ့အချက်တွေ တွေ့တယ်။ အထူးသဖြင့် ဖာပွန်ဘက်မှာ စစ်ကြောင်းပြန်ထိုးတဲ့ ကိစ္စတွေ၊ ဖာပွန်ဆိုတော့ တပ်မဟာ (၅) မူတြော်ခရိုင်၊ ပြီးတော့ ဒူးပလာယာခရိုင် ဘက်မှာ အကြီးအကျယ် ထိုးစစ်ဆင် တယ်။

အထူးသဖြင့် တပ်မဟာ (၆) မှာ အခုဆို လေယာဉ်နဲ့ကို နေ့တိုင်း ဗုံးကြဲနေတဲ့ ကိစ္စပေါ့လေ၊ သူတို့က အကြီး အကျယ် ထိုးစစ်ဆင်နေတာ ရှိတယ်။ ထိုင်းနိုင်ငံကို လက်နက်ကြီးတွေ ကျတာလည်း သတင်းထဲမှာ မြင်တွေ့ ရတာပေါ့လေ။ ဆိုတော့ သူတို့ရဲ့ ရက် ၁၀၀ စီမံကိန်းမှာ သူတို့ ရနိုင်သလောက် နယ်မြေတွေကို ပြန်ပြီးတော့ ထိုးစစ်ဆင်နိုင်ဖို့တော့ သူတို့ ကြိုးစားနေတယ်ဆိုတဲ့ သဘောတရားတွေ တွေ့နေရတာပေါ့လေ။"

မေး – စစ်အုပ်စုဟာ တစ်ဖက်က ရက် (၁၀၀) စီမံကိန်းဆိုပြီး ငြိမ်းချမ်းရေးပြောတယ်၊ တစ်ဖက်မှာ ပြည်သူ တွေကို ဗုံးကြဲတယ်၊ ဒါက ငြိမ်းချမ်းရေးရနိုင်တဲ့ အလားအလာရှိလား၊ ဘယ်လိုမြင်လဲ။

ဖြေ – "ရက် ၁၀၀ စီမံကိန်းမှာ ငြိမ်းချမ်းရေး စကားပြောတယ်ဆိုတဲ့ ကိစ္စပေါ့။ ခုနက ကျနော်တို့ ပြောသလိုပဲ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးလို့ ကျနော်တို့ပြောတဲ့အခါ၊ ကျနော်တို့နိုင်ငံရဲ့သမိုင်းကို ပြန်ကြည့်တဲ့အခါ ခုနက ပြောသလိုပေါ့လေ၊ သူတို့က ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကို ငြိမ်းချမ်းရေးလို့ နားလည်တဲ့အခါကျတော့ သူတို့က ငြိမ်းချမ်းရေးကို Negative သဘောတရားနဲ့ မြင်တာပေါ့လေ။ Positive သဘောတရားနဲ့ တွေ့ဆုံဆွေး နွေးရမယ်၊ အပြန်အလှန်သဘောတူညီမှု ရယူရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မဟုတ်ဘဲနဲ့ တဖက်က အနိုင်ယူပြီးတော့မှ တဖက်ကို နှိပ်ကွက်လိုက်တဲ့ ငြိမ်ဝပ်ပိပြားဆိုတဲ့ စကားလုံးပေါ့လေ၊ ငြိမ်ရမယ်၊ ဝပ်ရမယ်၊ ပိရမယ်၊ ပြားရမယ် ဆိုတဲ့ စကားလုံးနဲ့ပဲ ကျနော်တို့က သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို မြင်တာပေါ့လေ။

စစ်ကိုင်းဒေသမှာ ကြည့်မယ်ဆိုရင် ကျနော်တို့ ဖတ်ရတဲ့သတင်း၊ နားလည်ရတဲ့ သတင်းအချက်အလက်တွေ အရ ဆိုရင်တော့ သူတို့က စစ်ကိုင်းဒေသကိုလည်း တော်တော် ဖိအားပေးနေတယ်။ သူတို့ ပြည်သူ့စစ်သင်တန်းတွေ ပေးထားတဲ့ ပစ တွေ ၇၀-၈၀ ရာခိုင်နှုန်းလောက်က စစ်ကိုင်းဒေသကို ဖိပြီးတော့မှ လုပ်နေတာကို တွေ့တယ်။ ကျနော်တို့ ကရင်ဒေသမှာလည်း သူတို့က ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို သူတို့ ကြဲသလိုပဲ အဲဒီစစ်ကိုင်းတို့မှာလည်း သူတို့ ကြဲတာတွေကို သွားတွေ့ရတယ်ပေါ့ လေ။

ဆိုတော့ ကျနော်တို့ ဒီမှာ ပြောချင်တာက နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပက မြန်မာပြည်က လူထုတွေကို ပြော ချင်တာက သူတို့ နိုင်ငံထဲမှာ ငြိမ်းချမ်းနေပါပြီဆိုတဲ့ ပုံမျိုးနဲ့ ပွဲလမ်းသဘင်တွေ လုပ်တယ်၊ ပြီးတော့ ပြည်သူ လူထုတွေကို အာရုံပြောင်းတဲ့ ကိစ္စရပ်တွေပေါ့လေ။ ဘုန်းကြီးကျောင်းတွေမှာလည်း ဘုရားတရား ရွတ်တဲ့ သံဃာတွေ၊ ဘုန်းကြီးတွေ ဘုရားတရား ရွတ်တာတွေလည်း သွားတွေ့ရတယ်။ ဒါပေမဲ့ ကျနော်တို့ ပြောချင်တာ က သူတို့ လုပ်နေတဲ့ soundbox အသံတွေပေါ့၊ ဘုရားတရား ရွတ်တဲ့ဟာတွေနဲ့ ဗုံးသံတွေနဲ့ကတော့ ဗုံးသံက ပိုပြီးတော့ ကျယ်တယ်ဆိုတာကိုတော့ ပြည်သူလူထုတွေကို ပြောချင်တာပေါ့လေ။ နောက်တစ်ခုက ကျနော်တို့ ပြောချင်တာက အထူးသဖြင့် အာဆီယံပေါ့။ အာဆီယံကို ကျနော်တို့ ပြောချင်တာကတော့ သူတို့ အခုလက်ရှိ ကိုင်ထားတဲ့ Five-point Consensus ကို သူတို့ ဆက်ကိုင်ဖို့တော့ လိုတယ်။ ဒါကလည်း ၁- ၂- ၃ ဆိုရင် တကယ့် တကယ် အရေးကြီးတဲ့ ကိစ္စတွေပေါ့နော်။ ဒါကလည်း ပစ်ခတ်တိုက်ခိုက်မှုတွေကို သူတို့ လျှော့ချတာတို့ ရပ်စဲ တာတို့ပေါ့လေ။"

မေး – ဒီစစ်အုပ်စု ရက် (၁၀၀) စီမံကိန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်၊ အမျိုးသမီး အပါအဝင် အရပ်သားသေဆုံးမှုတွေ အများကြီးတွေ့နေရတယ်ဆိုတော့ စစ်အုပ်စုထံ လက်နက်တင်သွင်းမှုတွေ ဖြစ်ဖြစ် နိုင်ငံတကာနဲ့ အာဆီယံတွေကို ဘယ်လို တိုက်တွန်းထားတာရှိသလဲ။

ဖြေ – "အာဆီယံရဲ့ ဖိအားပေးမှုကတော့ အတိုင်းအတာတစ်ခုအထိတော့ အရေးပါပါတယ်။ ဘာကြောင့်လဲ ဆို တော့ နိုင်ငံတကာကလည်းပဲ သူတို့ မြန်မာ့အရေးကိစ္စကို တိုက်ရိုက် ကိုင်တွယ်ဖို့ အတွက်က သူတို့မှာ အကန့် အသတ်တွေတော့ ရှိနေတယ်။ ဥပမာ အခုအီရန်ဘက်မှာ ဖြစ်တဲ့ ကိစ္စရပ်တွေရော၊ South China Sea မှာ ဖြစ်တဲ့ ကိစ္စရပ်တွေရောပေါ့လေ။ ဒါကြောင့် မြန်မာပြည်ကိစ္စရပ်တွေကိုတော့ အာဆီယံရဲ့ ဆွေးနွေးညှိနှိုင်းတဲ့ position ပေါ်မှာ အများကြီး ရပ်တည်တယ်။

ဒါကြောင့်မို့လို့ ASEAN ရဲ့ စည်လုံးညီညွတ်ရေးကလည်း အရေးကြီးတာပေါ့နော်။ ပြီးတော့ အာဆီယံရဲ့ Five-point consensus ကို ဆက်ပြီးတော့ ကိုင်နေတဲ့ အာဆီယံနိုင်ငံက ခေါင်းဆောင်တွေကိုလည်း ကျေးဇူးတင်ရ သလို သူတို့ ဆက်ပြီးတော့ အကောင်အထည်ဖော်နိုင်ဖို့၊ ဖိအားပေးဖို့လည်း လိုအပ်တယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် တချို့သော အာဆီယံနိုင်ငံတွေရဲ့ ရပ်တည်ချက်တွေကတော့ နည်းနည်းလေး trustability ပဲ ရှိတယ်လို့ပဲ ပြောရမလား၊ ဒါမှမဟုတ်ရင် သူတို့ မြန်မာစစ်တပ်ကို အလျှော့ပေးတာတွေက များလွန်းသလားပေါ့လေ။ ဒါတွေ လည်းပဲ ကျနော်တို့ဆီမှာ မေးခွန်းရှိပါတယ်။"

မေး – နောက်ဆုံး ဘာထပ်ပြီး ဖြည့်စွက်ချင်တာရှိပါသလဲ။

ဖြေ – "ကျနော်တို့နိုင်ငံမှာ မြန်မာပြည်ရဲ့ ငြိမ်းချမ်း ရေးကို တကယ် မြင်လိုပါတယ်ဆိုရင်ပေါ့လေ၊ မြန်မာပြည်သူ လူထုတွေကိုလည်း တကယ် ကူညီချင်ပါတယ်၊ ပြီးတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အကျိုးစီးပွားကိုလည်း ရေရှည်အတွက် စဉ်းစားတယ်ဆိုရင် နံပါတ်တစ်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ အထူးသဖြင့် ပြည်သူလူထု တွေနဲ့ သက်ဆိုင်တဲ့ နေရာတွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ရပ်ရွာ တွေကို ဗုံးကြဲတိုက်ခိုက်တာတွေကို လုံးဝ ရပ်စဲဖို့လိုပါတယ်။ နောက်တစ်ခုကတော့ စစ်ကြောင့် ဖြစ်ပေါ်လာတဲ့ Humanitarian Crisis တွေကို Humanitarian law အရ Cross Border ကနေတစ်ဆင့် သက်ဆိုင်ရာ ဒေသ အသီးသီးက လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို သူတို့ လုပ် ဆောင်ဖို့ လိုအပ်တယ်။

နောက်တစ်ခုကတော့ ဒီ ASEAN ရဲ့ Five-Point Consensus ဖြစ်တဲ့ အားလုံးနဲ့ သက်ဆိုင်တဲ့ အားလုံး ပါဝင်သူ တွေကနေပြီးတော့မှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပြီးတော့မှ တွေ့ဆုံဆွေးနွေးတဲ့ ရလဒ်အပေါ်မှာ ထွက်ပေါ်လာတဲ့ အတိုင်း ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင်တယ်ဆိုရင်တော့ ရေရှည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရနိုင်သလို သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ရေရှည်အကျိုးစီးပွားနဲ့လည်းပဲ ကိုက်ညီပါတယ်။ နောက်တစ်ခုကတော့ ဒီ regional stability ပေါ့၊ ဒေသတည်ငြိမ်ရေးပေါ့လေ။ အထူးသဖြင့် ထိုင်းတို့၊ မလေးရှားတို့ပေါ့နော်။ နယ်စပ် ထိစပ်နေတဲ့ နိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ တည်ငြိမ်ရေးကိုလည်းပဲ အထောက်အကူဖြစ်တယ်လို့ နားလည်ပါတယ်။"

August 31, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက် တောင်ကျောနေရာသို့...
ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...