ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့် ထိန်းသိမ်းမှုများ မလုပ်ဆောင်နိုင်တော့သဖြင့် ပျက်စီးသွားမည့်အရေးကို ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများက စိုးရိမ်နေကြသည်။
အဆိုပါ အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ထိန်းသိမ်းခြင်းလုပ်ငန်းများ မလုပ်ဆောင်နိုင်သည်မှာ သုံးနှစ်နီးပါး ရှိလာပြီ ဖြစ်ပြီး မထိန်းသိမ်းနိုင်ပါက ကျွန်းတစ်ခုလုံး ပျက်စီးသွားမည့် အန္တရာယ်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ဆိုသည်။
ရခိုင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ကိုရန်နောင်စိုးက “အဲဒီနေရာက လက်ရှိမှာက စစ်ရေးအရ ဟိုဘက်ဒီဘက် ကျပ်မိနေတဲ့နေရာဆိုတော့ ထိန်းသိမ်းကာကွယ်ရေး တွေ ဘာမှမလုပ်ဖြစ်ဘူး။ ကျွန်းမှာရှိတဲ့ ရှားပါးငှက်မျိုးစိတ်တွေ သတ်ဖြတ်ခံရတာတွေ ဖြစ်နိုင်တယ်။ ပင်လယ် လှိုင်းတိုက်စားခံရတဲ့ နေရာတွေမှာ အစားထိုး စိုက်ပျိုးတာတွေ မလုပ်ပေးနိုင်ရင် ကျွန်းက တဖြည်းဖြည်း ပျက်စီးလာနိုင်တယ်” ဟု ပြောသည်။
နံ့သာကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်သည် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ထိုနေရာသို့ လာ ရောက်ကျက်စားလေ့ရှိသည့် ရှားပါးမျိုးစိတ် သတ္တဝါများလည်း ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း ထိန်းသိမ်းသူများက ဆိုသည်။
မုန်တိုင်းမဖြစ်မီ ကတည်းကပင် စက်လှေ၊ ဘုတ်ကြီးများဖြင့် သဲစုပ်ယူခြင်းတို့ကြောင့် ထိခိုက်မှုများ ရှိခဲ့သည့် အပြင် လူတို့၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့်လည်း ရှားပါး ဇီဝမျိုးစုံမျိုးကွဲများ မျိုးတုန်းပျောက်ကွယ်မှုများ ရှိနေသည်။
နံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ပြီးနောက်ပိုင်း စနစ်တကျ ထိန်းသိမ်းခြင်း လုပ်ငန်းများ မလုပ်ကိုင်နိုင်သည့်အပြင် လက်ရှိတွင် မည်သို့မည်ပုံ ရှိနေမည်ကိုပင် မသိရှိနိုင်တော့ပေ။
စစ်အုပ်စုတပ်က စစ်ရေယာဉ်များဖြင့် ထိုနေရာအနီး သွားလာလှုပ်ရှားကာ စစ်ရေးအရ အသုံးပြုနေခြင်းကြောင့် ဒေသခံများမှာလည်း တစ်ဦးမျှ မသွားရဲကြတော့ပေ။
ရသေ့တောင် ဒေသခံ အမျိုးသားတစ်ဦးက “စစ်တပ်က အချိန်မရွေး လာပစ်နိုင်တဲ့ နေရာဖြစ်နေတော့ လူတွေ တောင် ကျွန်းဘက်သိပ် မသွားကြဘူး။ ဟိုတလောကလည်း အဲ့နားမှာစစ်တပ်က ပစ်လို့ ငါးဖမ်းတဲ့သူတွေ သေဆုံးတာ ရှိတယ်။ ကျွန်းအခြေအနေဟာ ဘယ်လိုရှိလဲ ပျက်စီးနေလားတောင် မသိရဘူး။ စိုးရိမ်စရာတော့ ကောင်းတာပေါ့” ဟု ပြောသည်။
နံ့သာကျွန်းသည် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်း မေယုမြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်ကြား တွင် တည်ရှိပြီး ရေမြေဧရိယာ ၂၂,၉၇၉ ဧက ကျယ်ဝန်းသည်။
အဆိုပါ ကျွန်းတွင် မျိုးသုဉ်းလုနီးပါး ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်များဖြစ်သော ရေညှောင့်နှုတ်ဝိုင်းငှက်၊ နော်မန် ခြေစိမ်း၊ နှုတ်သီးကောက်ကြီး၊ နော့၊ နှုတ်သီးရှည်မြှီးမည်း စသည့် ငှက်များအပြင် ပင်လယ်လိပ်နှင့် ဧရာဝတီ လင်းပိုင်များ ကျက်စားကြသည်။
နံ့သာကျွန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရမ်ဆာကွန်ဗင်းရှင်း၏ စံသတ်မှတ်ချက် ၉ ချက်အနက် ၅ ချက်နှင့် ကိုက်ညီသဖြင့် ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေ (Ramsar Site) အဖြစ်လည်း ၂၀၂၀ ပြည့်နှစ်၊ မေလတွင် သတ်မှတ်ခဲ့သည်။
နံ့သာကျွန်းသည် တန်ဖိုးရှိသည့် နေရာတစ်ခုဖြစ်ပြီး ပျက်စီးသွားပါက ထိုနေရာအနီးရှိ ဒေသခံများအနေဖြင့် သဘာဝဘေးအန္တရာယ်ကို ပိုမိုကြုံတွေ့ရနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး လေ့လာသူများက ထောက်ပြထားကြသည်။







