ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KNLA မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန် နေသဖြင့် ပလောတပို့ စစ်ဘေးရှောင်များမှာ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်နေကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
အဆိုပါတိုက်ပွဲများကြောင့် ပလောတပို့စခန်းတွင် ကျန်ရှိနေသည့် စစ်ရှောင် ၂,၀၀၀ ကျော်မှာ စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေကြရပြီး အပြင်သို့ ထွက်ခွာသွားလာခြင်း မပြုရဲဘဲ ပုန်းအောင်းနေကြရသည်။
ပလောတပို့စစ်ရှောင်စခန်းတွင် အကူအညီပေးနေသူတစ်ဦးက “စစ်ပွဲ ဒီဘက်ကို နီးလာတော့ ပြည်သူတွေ အရမ်းစိုးရိမ်ကြတယ်။ အခုလက်ရှိ ပလောတပို့မှာပဲ၊ တစ်ဖက်ကမ်းကို ကူးသွားဖို့ကလည်း အဆင်မပြေသေး ဘူး။ နောက်တစ်ခုက ရွှေ့ပြောင်းဖို့ နေရာမရှိသေးဘူး” ဟု ပြောသည်။
ထို့ကြောင့် စစ်ဘေးရှောင်များမှာ အန္တရာယ်မှ ရှောင်ရှားနိုင်ရန် သောင်ရင်းမြစ်ကမ်းဘေးသို့ သွားရောက် ပုန်းခို နေကြရသော်လည်း မိုးရာသီအတွင်း သောင်ရင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကိုပါ စစ်ဘေးနှင့်အတူ ထပ်မံရင်ဆိုင်နေကြရသည်။
နယ်မြေတာဝန်ရှိသူများကလည်း စစ်အုပ်စုတပ် စစ်ကြောင်းလှည့်လည်မှုနှင့် တိုးမည်ကို စိုးရိမ်သဖြင့် စစ်ဘေး ရှောင် ဒေသခံများ အသွားအလာ သတိထားကြရန် တားမြစ်ပြောဆိုထားမှုများလည်း ရှိနေသည်။
ပလောတပို့နေ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “စစ်သားတွေ(စစ်အုပ်စု) ကျွံဝင်လာတာကြောင့် တာနဲအု ချောင်းကနေ တက်လာမှာစိုးလို့ အဲဒီနေရာတွေကို သိပ်မသွားခိုင်းဘူး။ မလိုအပ်ဘဲ မသွားဖို့၊ သတိနဲ့ နေဖို့ ပြောတယ်၊ အပြင်ထွက်မရဲဘူး။ လေယာဉ်ပျံလာရင်တော့ ကြောက်ရတယ်။ အခုဆို ဘယ်မှ မသွားရဲတော့ဘူး” ဟု ပြောသည်။
ထိုသို့ လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုများမှာ တစ်ဖြည်းဖြည်း လျော့နည်းလာနေပြီး စားနပ်ရိက္ခာ အပါအဝင် အခြေခံ လိုအပ်ချက် များပါ ပြတ်လပ်လျက်ရှိသည်။
ထို့ပြင် စစ်အုပ်စုတပ်သည် လက်နက်ကြီးနှင့် လေကြောင်းကို အသုံးပြု၍ အရပ်သားများ နေထိုင်ရာနေရာများကို ပစ်ခတ်တိုက်ခိုက်နေသဖြင့် ပလောတပို့ စစ်ဘေးရှောင်စခန်းရှိ စာသင်ကျောင်းများကို ပြီးခဲ့သည့်လမှစ၍ ပိတ် ထားရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်နေ့ကလည်း ပလောတပို့ စစ်ရှောင်စခန်းနှင့် ကပ်လျက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကျွန်းတောစခန်းအတွင်းသို့ စစ်အုပ်စုတပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် DKBA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သော တပ်ဖွဲ့ဝင်မိသားစု ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသေးသည်။







