ULA တရားရေးဌာနတွင် လူ့အရင်းအမြစ်နှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ စိန်ခေါ်မှုများ ရှိနေ

ULA တရားရေးဌာနတွင် လူ့အရင်းအမြစ်နှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ စိန်ခေါ်မှုများ ရှိနေ
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)

ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA သည် အုပ်ချုပ်ရေးယန္တရားများ ခိုင်မာအောင် တည်ဆောက်ကာ အုပ်ချုပ်လျက်ရှိသော်လည်း တရားရေးကဏ္ဍ တွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။

ULA တရားရေးဌာန၌ လူ့အရင်းအမြစ် မလုံလောက်မှု၊ နေရာထိုင်ခင်း အခက်အခဲနှင့် ပွင့်လင်းမြင်သာမှု အား နည်းချက်များကြောင့် ပြည်သူများ၏ ဝေဖန်မှု မြင့်တက်နေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူး (ISP-Myanmar) ၏ ယခုလထုတ် ‘ULA/AA ၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေစိုးမိုးမှုအလွန် စိန်ခေါ် ချက်များ’ သုတေသနစာစောင်တွင် ဖော်ပြထားသည်။

ULA/AA သည် နယ်မြေစိုးမိုးမှု မရမီကာလက ဒေသအဆင့် အုပ်ချုပ်ရေးတည်ဆောက်၍ စင်ပြိုင်တရားစီရင် ရေးစနစ် ဖော်ဆောင်ခဲ့ရာတွင် ထိရောက်မြန်ဆန်သဖြင့် လူထု၏ ယုံကြည်ထောက်ခံမှု ရရှိခဲ့သည်။

သို့သော် တရားဝင် အစိုးရတစ်ရပ်အဖြစ် အသွင်ကူးပြောင်းလာချိန်တွင် ရင်းမြစ် မမျှတမှုဒဏ်ကို ခံစားလာရပြီး လူထုစိတ်ဝင်စားမှုများသည့် မှုခင်းများကို ဦးစားပေး ဖြေရှင်းလာသဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“တရားစီရင်ရေးလွတ်လပ်ခွင့် အတိုင်းအတာတစ်ခုထိ ရှိတယ်ဆိုပေမယ့် စစ်ဘက်ဗျူရိုကရေစီရဲ့ အရိပ် အယောင်တွေ ထင်ဟပ်လွှမ်းမိုးနေဆဲဖြစ်တယ်။ ဝန်ထမ်းခန့်အပ်ရာမှာလည်း အုပ်ချုပ်ရေး အသိုင်းအဝိုင်းရဲ့ ဆွေမျိုးတွေ၊ ရင်းနှီးသူတွေကိုသာ ခန့်အပ်တဲ့အတွက် ဆွေမျိုးကောင်းစားရေးဝါဒ ရှိနေတယ်လို့ ဆိုရမှာပါ” ဟု ISP-Myanmar က ထောက်ပြသည်။

ထို့ပြင် မှုခင်းသိပ္ပံကဲ့သို့ နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အားနည်းသဖြင့် ရာဇဝတ်မှုကြီးများတွင် အတွေ့ အကြုံနှင့် နည်းပညာ ကွာဟချက် စိန်ခေါ်မှုများ ရှိနေသည်။ ULA/AA က ကာလရှည်ကြာသည်အထိ မဖြေရှင်း နိုင်သေးသည့် အမှုများစွာရှိနေပြီး ရှေ့နေအလွှဲအပြောင်းကြောင့် တရားစီရင်ရေး ကြန့်ကြာမှုများလည်း ကြုံတွေ့နေရသည်။

အထူးသဖြင့် သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့်ခံရမှုများတွင် ကျူးလွန်သူများ လွတ်မြောက်နေခြင်းနှင့် အမိန့်ချ မှတ်ရန် ကြန့်ကြာနေခြင်းတို့အပေါ် ဝေဖန်မှုများ ရှိနေသည်။ လူထုစိတ်ဝင်စားမှုများသည့် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်အမှုကိုသာ အမြန်ဆုံး အမိန့်ချမှတ်နိုင်ခဲ့ပြီး မင်းပြားမြို့နယ် ဖားပြိုအမှုနှင့် မောင်တောမြို့နယ် အောင်သုခ သက်ငယ်မုဒိမ်းမှုတို့မှာ ယနေ့တိုင် အဆုံးမသတ်နိုင်သေးပေ။

မြောက်ဦးမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက “ULA က မဖြေရှင်းသေးတဲ့ အမှုတွေ အများကြီး ရှိနေသေတယ်။ မုဒိမ်းမှုတွေဆိုတာ တရားခံတွေကို မြန်မြန်ဆန်ဆန် ဖမ်းနိုင်ပြီး အရေးယူနိုင်တာ ကောင်းတာပေါ့။ အမျိုးသမီးတွေနဲ့ ပတ်သက်လာရင် အခွင့်အရေးတွေ အကာအကွယ်ပေးတဲ့ ဥပဒေတွေကို တရားဝင်ချပြတာတွေ လိုအပ်တယ်။ ချပြတယ်ဆိုတဲ့နေရာမှာလည်း တရားရေးဌာနက သိရင်ပြီးရော ပုံစံမျိုး မဟုတ်ဘဲ လူထုကိုသိအောင် ချပြသင့်တယ်လို့မြင်တယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ် ပီထူးကျေးရွာတွင် ဖြစ်ပွားသည့် ရွှေခိုးမှုတိုင်ကြားချက်တွင်လည်း ဒီလပ် (D-Law) ထံ ခိုးယူကြောင်း ဝန်ခံထားသည့် တရားခံကို တရားရုံးက ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးခဲ့သဖြင့် အမှုရှုံးသွားရကြောင်း ဒေသခံများက ဆိုသည်။

ပီထူးကျေးရွာမှ အမျိုးသားတစ်ဦးက “ရွှေခိုးတဲ့သူက ဘယ်သူဘယ်ဝါဆိုတာ သိထားပြီးသား။ တရားခံကလည်း ခိုးပါတယ်လို့ ဝန်ခံပြီးသားကို အမှုရင်ဆိုင်ကြတော့ ရွှေပိုင်ရှင်ဟာ အမှုရှုံးတယ်လေ။ တရွာလုံးလည်း အံ့သြလို့ မဆုံးဖြစ်ရတယ်။ အားလုံးက မတရားဘူးလို့ ခံစားရတာပေါ့” ဟု ပြောသည်။

ရသေ့တောင်မြို့နယ်မှ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “တရားစီရင်ရေးကဏ္ဍမှာ အခုအခြေအနေဟာ အခက်အခဲတွေ ရှိနေမယ်ဆိုတာကို နားလည်တယ်။ ဒါပေမဲ့ တရားမျှတမှုအတွက် ယုံကြည်အားကိုးလို့ရတဲ့ နေရာတစ်ခုဖြစ်ဖို့တော့ လိုအပ်တာပေါ့။ နစ်နာသူ မိသားစုတွေကိုလည်း လေးလေးစားစား ဆက်ဆံပြီး ကာ ကွယ်ပေးတာမျိုး လုပ်ပေးသင့်တယ်။ အခုဟာက ကျမတို့ အမျိုးသမီးတွေ စိတ်လုံခြုံမှုမရှိတာကို ခံစားနေရ တယ်။ အမျိုးသမီးထုအတွက် ယုံကြည်အားကိုးရတဲ့ တရားစီရင်ရေး ဖြစ်ဖို့ကိုတော့ မျော်လင့်နေ ရတာပေါ့” ဟု ၎င်း၏ အမြင်ကို ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ဒေသများ၌ သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့် လူသတ်မှုနှင့် အခြား ပြစ်မှုကြီးများကို ကြီးလေးသည့် ပြစ်ဒဏ်များ မြန်ဆန်စွာ ချမှတ်နိုင်ရန်အတွက် ULA က ယခု ဩဂုတ်လအတွင်း အထူးတရားရုံး တစ်ရပ် ဖွဲ့စည်းကာ ဆောင်ရွက်လျက် ရှိသည်။

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...
August 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများအတွင်း သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့် လူသတ်မှုနှင့်...