KNU သိမ်းပိုက်ထားသည့် ကော့ကရိတ် ကွီမောင်တိုင်ကို စစ်အုပ်စုတပ် ထိုးစစ်ဆင်

KNU သိမ်းပိုက်ထားသည့် ကော့ကရိတ် ကွီမောင်တိုင်ကို စစ်အုပ်စုတပ် ထိုးစစ်ဆင်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) နှင့် မဟာမိတ် ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်ထား သည့် ကော့ကရိတ်မြို့မြောက်ဘက် ကွီမောင်တိုင်ကျေးရွာအား စစ်အုပ်စုတပ်က စစ်ကူအင်အားများ ဖြည့်တင်း ၍ ပြန်လည် ထိုးစစ်ဆင်လျက်ရှိသည်။

အဆိုပါ ကွီမောင်တိုင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်တပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ယင်းကျေးရွာဘက်သို့ ကျုံဒိုးမြို့ဘက်မှလည်းကောင်း၊ နဘူး၊ ရင်ခွဲတောင် လမ်းပိုင်းမှလည်းကောင်း စစ်အုပ်စုက စစ်ကူစစ်ကြောင်းများ စေလွှတ်၍ ပြန်လည် တိုက်ခိုက်နေသဖြင့် ထီးဖိုးစံကျေးရွာအုပ်စု အနီးဝန်း ကျင်နှင့် ကွီမောင်တိုင်ကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း KNLA မဟာမိတ်တပ် ရှေ့တန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တာဝန်ရှိသူက “ကွီမောင်တိုင်၊ ဘုရားကုန်းဘက်မှာ စစ်တပ်အုပ်စုရှိနေတာကို ဝင်တိုက်တော့ ကိုယ့်ဘက် က ပြန်ရတာပေါ့နော်။ စစ်တပ်က လက်နက်ခဲယမ်းတွေကျန်တယ်၊ စစ်သားအလောင်းတွေ ကျန်တယ်။ နောက် တစ်ရက်လောက်က စပြီးလေယာဉ်ရော၊ လက်နက်ကြီးရောပစ်ချပြီးစစ်ကူတပ်နဲ့ပြန် လာတိုက်နေတယ်" ဟု ပြောသည်။

ကော့ကရိတ် မြောက်ဘက်ခြမ်းရှိ ထီးဖိုးစံ၊ ကွီမောင်တိုင်၊ နောင်ကိုင်း၊ မိဖာလဲနှင့် ဒေါနတောင်အောက် ဘိုတဲ လမ်းပိုင်းတို့ကို ထိန်းချုပ်နိုင်ရန် စစ်အုပ်စုတပ်က ကြိုးပမ်းနေစဉ် ယခုလဆန်းပိုင်းတွင် KNLA မဟာမိတ် တပ် များက စစ်ရေး အသာစီးရယူ၍ ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စစ်အုပ်စုတပ်ဘက်က လေကြောင်း၊ လက်နက်ကြီးနှင့် အသေခံဒရုန်း (Kamikaze Drone) များကို အသုံးပြုကာ ပြန်လည် စစ်ဆင်နေခြင်းဖြစ်သည်ဟု တော်လှန်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။

KNLA မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကလည်း “စစ်တပ်က တော်လှန်ရေး လုပ်တဲ့ ဗိုလ်ကျော်သက်က DKBA ဘက်ကိုပြန်ပြောင်းသွားတဲ့သတင်းဖြစ်နေတဲ့အပေါ် လမ်းဟောင်းကို တက်ဖို့ လုပ်နေတုန်း ကိုယ့်ဘက်က အရင်တိုက်ပွဲဖော်တာပေါ့နော်။ အခုရက်က စစ်ကူနဲ့ တိုးဖို့ လက်နက်ကြီးတွေကာ မီကာဇေတွေကွီမောင်တိုင်ရွာဘက်ကို ပစ်နေတယ်” ဟု ပြောသည်။

ထို့ပြင် ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ဖားအံမြို့မှ တက်လာသည့် စစ်ကူစစ်သားသစ် ၂၀၀ ဝန်းကျင်နှင့် လက် နက်ခဲယမ်း တင်ဆောင်လာသည့် ၆ ဘီးကား ၈ စီး၊ ၁၂ ဘီးကား ၁ စီးတို့မှာ ကျုံဒိုးမြို့မှတစ်ဆင့် ကော့ကရိတ် တံတားကျိုး - နဘူး - ရင်ခွဲတောင် လမ်းပိုင်းသို့ စစ်ကူ ရောက်ရှိလာခဲ့သည်။

အလားတူ ကော့ကရိတ် အာရှလမ်းမှတစ်ဆင့် မြဝတီ၊ မင်းလက်ပံ၊ ဖလူးလမ်းပိုင်းသို့လည်း စစ်အုပ်စုတပ်က စစ်ကူများ ဆက်လက် ပို့ဆောင်နေကြောင်း မြေပြင် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ဓာတ်ပုံ - Crd

ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...
ဓာတ်ပုံ - CJ
August 27, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုတပ်နှင့်...