ရခိုင်တွင် စစ်ဘေးရှောင် အမျိုးသမီးများ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ

ရခိုင်တွင် စစ်ဘေးရှောင် အမျိုးသမီးများ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ
ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော် ရှိလာနေပြီး ယင်းအနက် အမျိုးသမီး ၅၇ ရာခိုင်နှုန်း ပါဝင်နေကာ ကျန်းမာရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် လုံခြုံရေး စသည့် ကဏ္ဍများတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့နေကြရသည်။

လက်ရှိတွင် စစ်ဘေးရှောင် အမျိုးသမီးများမှာ စခန်းအတွင်း အိမ်သာနှင့် ရေချိုးမည့်နေရာများ သီးသန့် စီစဉ်ထားခြင်း မရှိသဖြင့် လုံခြုံမှုမရှိသည့် အခြေအနေများကို ရင်ဆိုင်နေကြရကြောင်း ISP-Myanmar ၏ သုတေသန စာစောင်တွင် ဖော်ပြထားသည်။

“အိမ်သာလည်း အဆင်မပြေဘူး။ ရေချိုးခန်းတွေလည်း အဆင်မပြေဘူး။ အဆင်ပြေတာတော့ တစ်ခုမှ မရှိပါဘူး။ သန့်ရှင်းမှုလည်း မရှိဘူး။ မနက်မိုးလင်းရင် အိမ်သာတက်ဖို့ တန်းစီနေရတယ်။ အိမ်သာမှာက တံခါးတွေ ပျက်နေတော့ လေတိုက်တဲ့အချိန် ပွင့်ထွက်သွားတာတွေကြောင့် လုံခြုံမှုမရှိဘူး။ အိမ်သာကို သွားရင်လည်း မိန်းကလေး တစ်ယောက်တည်းသွားလို့ မရတဲ့ အခြေနေတွေရှိတယ်” ဟု ကျောက်တော်မြို့၊ ရထားဘူတာ စစ်ရှောင်စခန်းမှ ဒေါ်မဆန်းကျော်က ပြောသည်။

ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသဖြင့် အမျိုးသမီးများ၏ တစ်ကိုယ်ရေ သန့်ရှင်းရေးအပြင် ကိုယ်ဝန် ဆောင်နှင့် နို့တိုက်မိခင်များမှာ အာဟာရ မမျှတမှုများ ခံစားနေကြရသည်။

ထို့ပြင် လစဉ်သုံး ပစ္စည်းများ ဈေးကြီးမြင့်သဖြင့် မဝယ်ယူနိုင်သည့်အပြင် ကူညီထောက်ပံ့မှုလည်း နည်းပါး သဖြင့် စခန်းတွင်း အမျိုးသမီးများ၏ ကျန်းမာရေးဆိုင်ရာ ပြဿနာမှာ ပိုမို ကြီးမားနေသည်။

စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသူလည်းဖြစ်၊ စစ်ဘေးရှောင်လည်းဖြစ်သူ ကျောက်ဖြူမြို့နယ်မှ မနန္ဒာဝင်းက “(လစဉ်သုံးပစ္စည်း)ပုံမှန်ပေးတာ မဟုတ်တော့ လုံလောက်မှု မရှိဘူး။ တချို့ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေဆိုရင် မသုံးဘဲနေရတဲ့ အခြေနေတွေရှိတယ်။ ကျမတို့လည်း ကြုံဖူးပါတယ်။ အဲဒီလို မသုံရတဲ့ အခြေနေတွေမှာဆိုရင် အပြင်လည်း မထွက်ရဲဘူး။ လူတွေနဲ့လည်း စကားမပြောရဲဘူး။ လူရှေ့လည်း မသွားရဲဘူး။ အဲဒါကြောင့် အဖွဲ့စည်းတွေ အနေနဲ့လည်း အိမ်သာ၊ အမျိုးသမီး လစဉ်သုံးတွေကို လုံလုံလောက်လောက်ပေးစေချင်တယ်” ဟု ပြောသည်။

စခန်းတွင်း နေထိုင်ကြသူများမှာ ကျန်းမာရေး ပြဿနာများနှင့် ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့နေရ သဖြင့် ကူညီပေးရန်နှင့် အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ်နှုန်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးရန် တောင်းဆိုနေကြသည်။

တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် ရမ်းဗြဲ စသည့် မြို့နယ်များမှ စစ်ဘေးရှောင်များမှာ အကူအညီ ရရှိမှု အလွန် နည်းပါး သဖြင့် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း လူမှုကူညီရေး လုပ်ဆောင်နေသူ တောင်ကုတ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီဘက်မှာ စစ်ဘေးရှောင်တွေက အခက်အခဲတွေ အများကြီးရှိတယ်။ အိမ်သာတွေ မလုံလောက်ဘူး။ နောက် ပြီး အမျိုးသမီးတွေအတွက် လစဉ်သုံးတွေလည်း မလုံလောက်ကြဘူး။ အဓိကတော့ ဒီဘက်မှာက ကူညီကယ် ဆယ်ရေးပေးတဲ့ အဖွဲ့အစည်းတွေ သိပ်မရှိဘူး။ အလုပ်အကိုင်တွေကလည်း ရှားတာကြောင့် စားဝတ်နေရေးက လုံးဝအဆင်မပြေကြဘူး။”

စစ်ဘေးရှောင်များသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ရရှိမှု နည်းပါးခြင်းအပြင် ကျန်းမာ ရေး စောင့်ရှောက်မှု အခက်အခဲများကြောင့် အမျိုးသမီးများအပေါ် ပိုမို ထိခိုက်စေလျက် ရှိသည်။

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့်အတူ လုံခြုံရေး၊ လူသားချင်း စာနာမှု အခက်အခဲနှင့် လူမှုစီးပွား ရိုက် ခတ်မှုများကြောင့် အမျိုးသမီးများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ပိုမို ကြုံတွေ့နေကြရကြောင်း ISP-Myanmar က ထောက်ပြထားသည်။

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...