ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့် ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းကို ရေရှည်လုပ်ငန်းစဉ်အဖြစ် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ စတင်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောသည်။
IEC ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန၊ ရင်းနှီးမြှုပ်နှံမှုဌာနခွဲမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “ရေရှည်ကိုရည်ရွယ်ပါတယ်။ ဒီမှာက ထင်းအစားထိုးအသုံးပြုမှုကို ပညာပေးတွေလုပ်ဖို့ အများကြီး အချိန်ယူရအုံးမှာဖြစ်တယ်။ လက်ရှိကတော့ လက်လှမ်းမှီနိုင်မယ့် ဈေးကွက်ကိုဖော်ဆောင်နိုင်ဖို့နဲ့ လုပ်ငန်း ရပ်တန့်မသွားအောင် ကြိုးစားနေရတုန်းပါရှင့်” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသခံများနှင့် စစ်ဘေးရှောင်များသည် ချက်ပြုတ်ရေးအတွက် သစ်ပင်များ ခုတ်ယူသုံးစွဲရာမှ ဖြစ်ပေါ်လာသည့် နှစ်ဖက်အကြား မလိုလားအပ်သော ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်ပြီး ထင်းအစားထိုး လောင်စာတောင့် ထုတ်လုပ်သည့် လုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်သည်။
တောတောင်များအတွင်း ၆ နှစ်နီးပါး ခေတ္တမှီတင်း နေထိုင်နေကြသည့် စစ်ဘေးရှောင် ပြည်သူများသည် ချက်ပြုတ်စားသောက်ရေးအတွက် ထင်းမီးကို အဓိကထား သုံးစွဲနေကြရသည်။
ထင်းမီးအတွက် သစ်ခုတ်ယူရာတွင် ကျေးရွာခံများ၏ ခွင့်ပြုချက်၊ သတ်မှတ်ချက်အတိုင်း ရှာဖွေရသဖြင့် ကျေးရွာခံများနှင့် စစ်ဘေးရှောင်များအကြား ပြဿနာများ ဖြစ်ပွားလေ့ရှိကြောင်း စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ရှင်းပြသည်။
“ကျမတို့အိမ်က တစ်နှစ်ဆို ထော်လာဂျီနဲ့ အနည်းဆုံး ၁ စီးကကုန်တယ်။ ထင်းတွေကလည်း သစ်ပင်အသစ် တွေ၊ အကောင်းတွေကို ခုတ်ခွင့်မရဘူးပေါ့ရှင်။ ကျမတို့က ခြောက်နေပြီးသား မြေကြီးပေါ်မှာ လှဲကျနေပြီး သား အပင်တွေကို သွားယူရတယ်။ ထင်းခုတ်ရောင်းတယ်ဆိုတာကလည်း ပိုင်ရှင်တွေပဲ လုပ်တာပေါ့နော်။ အဲ့လိုခုတ်တာကမှ သစ်ပင်အကောင်းတွေ၊ သစ်ပင်အသစ်တွေကို ခုတ်တာ။ ကျမတစ်ခုတော့ စိုးရိမ်မိတယ်။ ကျမတို့က ထင်းမီးနဲ့ပဲ နေသားကျလာဆိုတော့ အစားထိုးလောင်စာသုံးမယ်ဆိုရင် ကျမတို့မိသားစုအတွက် လွယ်ကူပါ့မလားပေါ့နော်။”
အဆိုပါ ထင်းအစားထိုး လောင်စာတောင့်လုပ်ငန်းကို ကရင်နီပြည်၊ ဒီးဘောင်းခူမြို့နယ်မှ လုပ်ငန်းရှင်များက IEC ၏ ရင်းနှီးမတည်ငွေဖြင့် လည်ပတ်နေခြင်းဖြစ်သည်။
အစားထိုးလောင်စာတောင့်များကို စပါးခွံမှ သဘာဝအတိုင်း ထုတ်လုပ်ထားခြင်းဖြစ်၍ မီးတောက်အားကောင်း ပြီး မီးခိုးထွက်နည်းကာ ကြာရှည်စွာ လောင်ကျွမ်းနိုင်သည်။
ထင်းမီးအစား လောင်စာတောင့်များ ပြောင်းလဲအသုံးပြုခြင်းဖြင့် မီးခိုးမီးငွေ့များကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့် သစ်တောပြုန်းတီးမှုများကိုပါ လျှော့ချပေးနိုင်မည် ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုဌာနခွဲမှ တာဝန်ရှိသူ အမျိုးသမီးက “ပိဿာထုတ်နဲ့ စမ်းသပ်အသုံးပြုနိုင်ဖို့ လုပ်ထားတာရှိတယ်။ ဈေးကတော့ ထင်းမီးသွေးထက်ချိုသာအောင် ထုတ်ထားပေးတယ်။ အရေအတွက်များမယ်ဆို ဝန်ဆောင်မှု တချို့ ရယူနိုင်မှာဖြစ်တယ်။ ဥပမာ ဈေးလျှော့တာ။ အိမ်အရောက်ဝန်ဆောင်မှုပေးတာ” ဟု ဆက်ပြောသည်။
စပါးခွံလောင်စာတောင့် တစ်အိတ်လျှင် ၃၅,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ၅ အိတ်နှင့်အထက် ဝယ်ယူပါက တစ်အိတ်လျှင် ၃၃,၀၀၀ ကျပ်၊ ၁၀ အိတ်နှင့်အထက် ဝယ်ယူသူများအတွက် တစ်အိတ်လျှင် ၃၀,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
ပြည်သူများအနေဖြင့် ထင်းမီးအစား အဆိုပါ စပါးခွံလောင်စာတောင့်ကို အစားထိုး ဝယ်ယူသုံးစွဲကြရန် IEC က တိုက်တွန်းထားသည်။







