မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၁,၀၀၀ ဝန်းကျင် တိမ်းရှောင်နေရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များက ပြောသည်။
စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့ စခန်းရှိရာနေရာ ဟု ယူဆရသော လိပ်ပုတ်၊ နတ်ကြီးနှင့် ချောထာ ကျေးရွာအနီး ပတ်ဝန်းကျင်များကို လေကြောင်းမှ ဗုံးကြဲခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။
စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် လိပ်ပုတ်၊ မြင်းတပြေး၊ နယ်ပြား၊ ကင်ပွန်း၊ ချောထာ၊ နတ်ကြီး အပါအဝင် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံပြည်သူ ၁,၀၀၀ ဝန်းကျင်သည် ကျောင်းရွာ အပါအဝင် နီးစပ်ရာ ကျေးရွာများသို့ ကြိုတင် တိမ်းရှောင်နေကြရသည်။
ကျောင်းရွာ ဒေသခံတစ်ဦးက “စစ်ရှောင်တွေက ဒီနေ့လည်း ထပ်ရောက်လာတယ်။ လေကြောင်းဗုံးကြဲမှာ စိုးလို့ ရှောင်လာကြတာ၊ အများစုကတော့ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတော်စပ်တဲ့ နေအိမ်တွေမှာ နေနေကြတယ်” ဟု ပြောသည်။
ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်း ရေကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်ကြားမှ ဒေသခံပြည်သူများသည် မိုးထဲရေထဲ စစ်ဘေးရှောင် နေကြရခြင်း ဖြစ်သည်။
ရေးဘီလူးစခန်းဟု ယူဆရသည့် နေရာ ၃ ခုကို စစ်အုပ်စုတပ်က ဗုံးကြဲရာတွင် ဥယျာဉ်ခြံများနှင့် ရော်ဘာခြံများ အတွင်း ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။
တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှု အားကောင်းသည့် ရေးမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသည်။







