အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား မိန်းကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသွားသည့် မိန်းကလေးငယ်နှစ်ဦးမှာ မထွေးစိန် (၁၉) နှစ်နှင့် မသန္တာထိုက် (၁၃) နှစ်တို့ ဖြစ်ကြသည်။
ယနေ့ ဩဂုတ်လ ၁၁ ရက်၊ နံနက် ၇ နာရီခွဲတွင် ပလက်ဝမြို့အဝင် ဆိုင်းဘုတ်အနီးသို့ စစ်တပ်၏ ဂျက်တိုက် လေယာဉ်တစ်စီးက ရော့ကတ်ဗုံးသီးတစ်လုံး လာရောက်ကြဲချခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ ဗုံးကြဲခံရမှုကြောင့် အဆိုပါ မိန်းကလေးငယ်နှစ်ဦး၏ ခြေထောက်များတွင် ဗုံးစထိမှန် ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “ဗုံးက မြို့အဝင်ဂိတ် ကားလမ်းတည့်တည့် ကျပါတယ်။ ဘေးနားကအိမ်မှာ ဗီဒီယိုကြည့်နေကြတဲ့ ကလေးနှစ်ယောက်၊ ၁၉ နှစ်တစ်ယောက်၊ ၁၃ နှစ်တစ်ယောက် ဒဏ်ရာနည်းနည်းရသွား တယ်” ဟု ပြောသည်။
ဒဏ်ရာရရှိသူများအနက် မသန္တာထိုက်သည် ပလက်ဝမြို့နယ်၊ ရေတံခွန်ကျေးရွာမှဖြစ်ပြီး ပလက်ဝမြို့တွင် Grade-6 တက်ရောက်သင်ကြားနေသူ ဖြစ်သည်။ မထွေးစိန်မှာမူ ပလက်ဝမြို့ပေါ်မှဖြစ်ပြီး Grade-9 ဖြင့် ကျောင်းနားထားသူ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း စစ်တပ်သည် ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို ဂျက်ဖိုက် တာနှစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ခုနစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့သည်။







