စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက် AA ၏ တရားဝင်ခွင့်ပြုချက်နှင့် သဘောတူညီချက် လိုအပ်သည်ဟု ရခိုင်အရေး လေ့လာသူ များက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်တွင်းဓာတ်ငွေ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံမှ သဘာဝဓာတ် ငွေ့ ဝယ်ယူ၍ ပိုက်လိုင်းဖြင့် သွယ်တန်းတင်သွင်းနိုင်ရေး စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီ ထားကြခြင်း ဖြစ်သည်။
ဩဂုတ်လ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လျှပ်စစ်၊ စွမ်းအင်နှင့် သယံဇာတဝန်ကြီး အစ်က်ဘယ်လ် ဟာဆန် မာမွတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စိုးမိုးတို့ တွေ့ဆုံခဲ့ကြပြီးနောက် မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ကို ပိုက်လိုင်းသွယ်တန်း တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်ဘက်က ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဖြတ်သန်းမည့် ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေးဆွေးနွေးမှုမှာ အာရက္ခတပ်တော် (AA) ၏ တရားဝင်ခွင့်ပြုချက် မရရှိဘဲ လက်တွေ့ အကောင်အထည်ပေါ်လာရန် မရှိနိုင်ကြောင်း ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် ဘင်္ဂလားဒေ့ရှ်အရေး ကျွမ်းကျင်သူများက ထောက်ပြပြောဆိုကြသည်။
ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမျိုးကျော်က “ရခိုင်ပြည်ရဲ့ နယ်မြေ ၉၀ ရာခိုင်နှုန်း၊ နယ်စပ်ဒေသတွေ ဆို တာက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်တယ်။ ဒီအချိန်မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က ရခိုင်ဖက်က ဂတ်စ်ကို ပိုက်လိုင်းနဲ့ သွယ်တန်းယူမယ်လို့ ပြောတဲ့အခါ အာရက္ခတပ်တော်ရဲ့ သဘောတူညီချက် မပါဘဲနဲ့ အကောင်အထည်ဖော်လို့ ရနိုင်မှာ မဟုတ်ပါဘူး” ဟု သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်ဖြူစသည့် မြို့နယ်များ၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ ဆဲဖြစ်ပြီး၊ အဆိုပါ စီမံကိန်းသည်လည်း မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်မည်ကို အတိအကျ မသိရသေးသဖြင့် ဆက်လက်စောင့်ကြည့်ရမည့် အနေအထားတွင်သာ ရှိသေးကြောင်း ဦးမျိုးကျော်က ဆက် ပြောသည်။
အာရက္ခတပ်တော် (AA) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မောင်တော၊ ဘူးသီးတောင် နှင့် ပလက်ဝဒေသများကို ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်ရာ နယ်စပ် ဒေသတစ်ရပ်လုံး၏ အရေးကိစ္စများမှာ AA ၏ အုပ်ချုပ်မှုအောက်သို့ လက်တွေ့ရောက်ရှိနေပြီ ဖြစ်သည်။
ယခုအခါ ဘင်္ဂလားဒေ့ရှ်ဘက်က လိုလားနေသည့် သဘာဝဓာတ်ငွေ့မှာ ရခိုင်ကမ်းလွန်ရှိ ရွှေဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိလာမည့် ဓာတ်ငွေ့များဖြစ်ပြီး စစ်တကောင်းမြို့ဘက်သို့ ပိုက်လိုင်းအသစ် သွယ်တန်းကာ တင်ပို့ရန် စဉ်းစားဆောင်ရွက်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် - မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမည့် စီမံကိန်းကို လက်တွေ့အကောင်အထည် ဖော်ရာတွင် ရခိုင်ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းမှုများ ရှိလာမည်ဆိုပါက အာရက္ခတပ်တော် အနေဖြင့်လည်း ခွင့်ပြုလာနိုင်ခြေရှိကြောင်း DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးက သုံးသပ်ပြောဆိုသည်။
“နိုင်ငံတကာထောက်ခံမှု၊ အထူးသဖြင့် တရားဝင်မှုကတော့ ရရှိလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ငွေ့ပဲ ဖြစ်ဖြစ်၊ ရေနံပဲဖြစ်ဖြစ် ရခိုင်ပြည်က ဖြတ်သန်းရမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ အာရက္ခတပ်တော်ကို အသိအမှတ်ပြုရမှာ ဖြစ်တယ်။ သူတို့သာ ခွင့်ပြုမှုမရှိရင် ဒီစီမံကိန်းက အကောင်အထည် ပေါ်လာမှာ မဟုတ် ဘူး။ နိုင်ငံရေးအရ နိုင်ငံတကာမှာ အထိုက်အလျောက် ရရှိသွားနိုင်တယ်။ AA ဖက်ကတော့ နိုင်ငံခြား ဘယ် ရင်းနှီး မြှုပ်နှံမှုကိုမဆို ကြိုဆိုတယ်။ လာပြီး ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း ဖိတ်ခေါ်ထားတာရှိတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဖြစ်ဖြစ်၊ အိန္ဒိယပဲဖြစ်ဖြစ် အကျိုးတူလုပ်မယ်ဆိုရင်တော့ AA ဖက်က ကြိုဆိုနိုင်ပါတယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စီးပွားရေး ကုန်ထုတ်လုပ်ငန်းနှင့် လူဦးရေ တိုးတက်လာသည်နှင့်အမျှ ပြည်တွင်းစက်သုံး ဆီနှင့် လောင်စာလိုအပ်ချက်မှာ တစ်ရက်ထက်တစ်ရက် မြင့်တက်လာလျက်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်အရေး ကျွမ်းကျင်သူများက ထောက်ပြကြသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်သွားရန် လိုအပ်ကြောင်း ကိုလည်း အာရက္ခတပ်တော်၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုထားဖူးသည်။
သို့သော်လည်း လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အာရက္ခတပ်တော်တို့အကြား နယ်စပ်အရေးနှင့် ပတ် သက်ပြီး ဆက်ဆံရေးအချို့ ရှိနေသော်လည်း တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမျိုးကိုမူ သတိပြုမိခြင်း မရှိသေး ပေ။







