ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် အလုံး ၂၀ ခန့် ပျက်စီးသွားသည်။
ဩဂုတ်လ ၃ ရက်နေ့၊ နံနက် ၁၀ နာရီကျော်တွင် ငပလီကမ်းခြေအနီး ဂျိတ္တောရပ်ကွက်နှင့် အနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များဖြင့် ဗုံးအလုံးရေ ၅၀ ကျော် ဆက်တိုက်ကြဲချခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ငပလီကမ်းခြေကို လုံးဝ ပျက်စီးသွားအောင် လုပ်နေတာ။ ၁၀ နာရီကျော်ကနေ ၁၁ နာရီကျော်အထိ မနားတမ်း ဗုံးကြဲချသွားတာ။ ကျနော်ထင်တာကတော့ ဂျက်လေယာဉ် သုံးစီး၊ Y-12 တစ်စီးနဲ့ အင်အားသုံးပြီး ဗုံးမိုးရွာခဲ့တာ ဖြစ်တယ်။ အခု ကျနော်သိထားသလောက်က ဒေသခံ နှစ်ဦး ဒဏ်ရာရတယ်လို့ ပြောကြတယ်” ဟု ၎င်းက ပြောသည်။
ဒဏ်ရာရသူတို့၏ အချက်အလက်များကို DMG က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ ထို့ပြင် ဂျိတ္တောရပ်ကွက် အတွင်းရှိ နေအိမ် ၂၀ ခန့်နှင့် ဘန်ဂလိုတစ်လုံးလည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ သံတွဲ၊ ငပလီဒေသကို စစ်တပ်က ဗုံးအမြောက်အမြား အသုံးပြု၍ ရက်ဆက်တိုက်ခိုက်ခဲ့ခြင်းမှာ ဒေသခံ များကို အကြောက်တရား ဖြစ်ပေါ်စေရန်နှင့် လူနေထိုင်၍မရအောင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံများ က သုံးသပ်ပြောဆိုနေကြသည်။
ဒေသခံတစ်ဦးက “သံတွဲဆိုတာက စစ်ခေါင်းဆောင်ဇနီးရဲ့ မွေးရပ်မြေဖြစ်သလို စစ်တပ်နဲ့ အဆင်ပြေတဲ့ စီးပွား ရေး လုပ်ငန်းရှင် ခရိုနီတွေရဲ့ ဟိုတယ်အကြီးတွေ ရှိတဲ့နေရာ ဖြစ်တယ်။ ကမ္ဘာကျော် ငပလီကမ်းခြေ ဖြစ်နေ တာလည်း တစ်ပိုင်းပေါ့နော်၊ အဓိက စီးပွားရေး အချက်အချာကျတဲ့ ဒေသ ဖြစ်တယ်။ ဒါကြောင့် ဒီဒေသကို စစ်တပ် လက်လွှတ်လိုက်ရတာနဲ့ ဒီဒေသမှာ ULA ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ မလည်ပတ်နိုင်ဖို့ နှောက်ယှက် အဖျက်အမှောင့် လုပ်နေတာပါ” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “နောက်တစ်ချက်တော့ စစ်တပ် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ရခိုင်တောင်ပိုင်းက သံတွဲ၊ ဂွမြို့တို့ကို အာဏာသိမ်းစစ်တပ်က အသည်းအသန် ဂုဏ်သိက္ခာအဖတ်ဆယ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်။ ဒီနှစ်မြို့လောက်ကိုတော့ အနည်းဆုံး AA လက်ထဲကနေ လိုချင်နေတာ ဖြစ်တယ်ဆိုတော့ ဒါကြောင့် မငြိမ် မသက် ဖြစ်အောင် လေကြောင်းကနေ ဗုံးကြဲမယ်၊ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မယ် ဒါမျိုးတွေ လုပ်နေတာ ဖြစ်တယ်” ဟု ပြောသည်။
စစ်တပ်က ရခိုင်ပြည်အတွင်းရှိ မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှုများ ရက်ဆက်ပြုလုပ်ခဲ့ခြင်းကြောင့် ဇူလိုင်လအတွင်း ပြည်သူ ၂၂ ဦး သေဆုံးကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း DMG က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ပေါက်တောမြို့နယ် တို့ကို ဇူလိုင် ၁ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာတွင် သံတွဲမြို့နယ်မှာ အများဆုံး တိုက်ခိုက်ခံရသည့် မြို့နယ် ဖြစ်နေသည်။
ဓာတ်ပုံ - ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း။ (Arakan Princess Media)







