BGF တပ်နယ် (၄) မှူး ဗိုလ်မှူးစောမုတ်သုန်ကို ထိုင်းအာဏာပိုင်များ ဖမ်းဝရမ်းထုတ်

BGF တပ်နယ် (၄) မှူး ဗိုလ်မှူးစောမုတ်သုန်ကို ထိုင်းအာဏာပိုင်များ ဖမ်းဝရမ်းထုတ်

ကရင်ပြည်၊ နယ်ခြားစောင့်တပ် အမှတ် (၄) တပ်နယ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး စောမုတ်သုန်ကို ထိုင်းအာဏာပိုင်များက နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု ရာဇဝတ်မှု ကျူးလွန်သူအဖြစ် ဖမ်းဝရမ်းထုတ်ပြန်လိုက် ကြောင်း ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းက ထွက်ပေါ်လာသည့် ဖမ်းဝရမ်း စာရွက်စာတမ်းများအရ သိရသည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ပြန်ချက်အရ စောအယ်မုတ်သုန် (ခ) စောမုတ်သုန် (အသက် ၅၀ ခန့်၊ မြန်မာနိုင်ငံသား) သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု ရာဇဝတ်မှု ကျူးလွန်ကြောင်း ယုံကြည် လောက်သည့် အထောက်အထားများ ရရှိထားသဖြင့် ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်ရန် ထုတ်ပြန်ထား ခြင်း ဖြစ်သည်။

ထိုကဲ့သို့ သတင်းများ ထွက်ပေါ်နေမှုအပေါ် မြဝတီမြို့ရှိ BGF တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က “ဒီမနက် ဗိုလ်မုတ်သုန်ကို ထိုင်းဘက်က ဖမ်းဝရမ်းထုတ်တဲ့သတင်း တွေ့တယ်။ BGF ကလူတွေကတော့ အဖိုးဝရမ်း ထုတ် ခံရတာ ဟုတ်တယ်လို့ ပြောကြတယ်။ သူ့ရဲ့ကရင်စာပေဂိတ်တို့၊ သဲပုံဂိတ်တို့မှာ တရုတ်ကျားဖြန့်တွေ ရှိနေတာ က မျက်မြင်ပဲလေ၊ ကာစီနိုတွေ၊ နိုက်ကလပ်တွေ၊ ကာရာအိုကေခန်းတွေ လက်ရှိ လုပ်နေတာပဲ” ဟု ပြောသည်။

ထို့အတူ ကေအိုင်စီ-ကရင်သတင်းဌာန ရရှိထားသည့် ခိုင်မာသော သတင်းရင်းမြစ်အရ အဆိုပါ ဖမ်းဝရမ်းစာမှာ မှန်ကန်ကြောင်းနှင့် ညွှန်ကြားချက်စာလည်း ၎င်းတို့ထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အတည်ပြု ပြောဆိုထား သည်။

လတ်တလောတွင် BGF တပ်နယ် (၄) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်သည် စစ်တပ်လက်အောက်မှ ခွဲထွက်ခဲ့ သော ဗိုလ်မှူးကြီးစောချစ်သူ၏ ကရင်အမျိုးသားတပ်မတော် (KNA) ကဲ့သို့ သီးခြားရပ်တည်ခြင်း မရှိဘဲ စစ်အုပ် စုနှင့် ပူးပေါင်းကာ စစ်တပ်၏ စစ်ဆင်ရေးစစ်ကြောင်းများတွင် အင်အားဖြည့်တင်း ပါဝင်တိုက်ခိုက်နေသည့် ကရင်စစ်ရေးခေါင်းဆောင် တစ်ဦး ဖြစ်သည်။

ကော့ကရိတ်နှင့် မြဝတီ နယ်စပ်တစ်ကြောတွင် အဓိက အခြေချလှုပ်ရှားသည့် ဗိုလ်မှူးစောမုတ်သုန်သည် နိုင်ငံတ ကာ၏ လူ့အခွင့်အရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု (Sanctions) စာရင်းတွင် တိုက်ရိုက် အမည်ပျက်စာရင်း ထည့် သွင်းခံထားရခြင်း မရှိသေးပေ။

သို့သော် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ဘက်မှ ဦးဆောင်ကာ စောချစ်သူ၊ စောမုတ်သုန်နှင့် စောတင်ဝင်းတို့အပါအဝင် ၎င်းတို့နှင့်ဆက်နွယ်သည့် ထိပ်ပိုင်း အင်အားစုများအား လူကုန်ကူးမှုနှင့်စပ်လျဉ်းပြီး တရားစွဲဆိုရန် ပြင်ဆင်ခဲ့ဖူးကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...