ပုဏ္ဏားကျွန်း အမျိုးသမီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု အမြန်ဆုံးအရေးယူပေးရန် တောင်းဆို

ပုဏ္ဏားကျွန်း အမျိုးသမီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု အမြန်ဆုံးအရေးယူပေးရန် တောင်းဆို

အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ကာ ရုပ်ပျက်ဆင်းပျက် သတ်ဖြတ်ခံရသည့် အပေါ် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးရန် အမျိုးသမီးအရေးလှုပ်ရှားသူများနှင့် ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။

ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများကို ULA/AA အနေဖြင့် ထိရောက်မြင်သာသည့် ပြစ်ဒဏ်များ မချမှတ်ပေးနိုင် ခြင်းသည် ကျူးလွန်သူများကို အားပေးအားမြောက်ရာ ရောက်နေသဖြင့် မုဒိမ်းမှုများကို သေချာကိုင်တွယ်ကာ ခြွင်းချက်မရှိ သေဒဏ်ပေးစေလိုကြောင်း ပြည်သူများက တောင်းဆိုနေကြသည်။

မြေပုံမြို့နယ်မှ အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးက “ဒီအမှုကို လုံးဝတုံ့ဆိုင်းထားလို့ မရဘူး။ သေဒဏ်တွေ ပေးသင့်တယ်။ နောက်ပြီး အပြစ်ပေးတာတွေကိုလည်း တခါတည်း ပြည်သူတွေရှေ့မှာ၊ ဖြစ်နိုင်ရင် မီဒီယာတွေ မှာတောင် တင်ပေးပြီး ပြစ်ဒဏ်စီရင်ပေးသင့်တယ်။ ဒီလောက် ကိုယ့်ပြည်မှာ အာရက္ခတပ်တော် ဆိုတာရှိရဲ့ သားနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ရှိရဲ့သားနဲ့ ဒီလောက်ရဲတင်းလာတာကို တဖက်မှာ အမှန်ကို မဖော်ထုတ်နိုင် ရင်တော့ ပြည်သူတွေ အယုံအကြည် နည်းလာမယ်။ ဒါကြောင့် ကျူးလွန်သူကို ဖမ်းမိဖို့ကိုလည်း မျှော်လင့်နေ ကြပါတယ်” ဟု ပြောသည်။

ရခိုင်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် သက်ငယ်မုဒိမ်းမှုများ တိုးလာနေသော်လည်း ကျူးလွန်သူများ အပေါ် ULA ၏ ပြစ်ဒဏ်ချမှတ်မှုမှာ မထိရောက်ဖြစ်နေ၍ အမျိုးသမီးများမှာ လုံခြုံမှုကင်းမဲ့နေဆဲဖြစ်သည်။

ထို့ပြင် အမျိုးသားများ အနေဖြင့်လည်း မုဒိမ်းမှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင် အမျိုးသမီးများ အတွက် တရားမျှတမှုရရှိအောင် ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက တိုက်တွန်းထားသည်။

ရမ်းဗြဲမြို့နယ်ရှိ အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက “အဓိက တခြားအမှုတွေကို လိုက်ပြီး ဖမ်းနေတာထက် အခုဆို မုဒိမ်းမှုတွေက တအားဖြစ်နေတာ။ ဒါကြောင့် သေချာလိုက်စုံစမ်းပြီး ပြစ်ဒဏ်ပေး စေချင်တယ်။ ပြစ်မှုအကြီးတွေကိုဆိုလည်း နောက်တစ်ခါ နောက်လူတွေ ထပ်မလုပ်ရဲလောက်အောင် ပြစ် ဒဏ်တွေ ပေးစေချင်တယ်” ဟု ပြောသည်။

အဆိုပါ တောင်းဆိုမှုများ ဖြစ်ပေါ်လာစေသည့် ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရှိခဲ့ရခြင်းကြောင့် ဖြစ်သည်။

သေဆုံးသူ၏ မိန်းမအင်္ဂါနှင့် ရင်သားအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားဒဏ်ရာများ ရှိနေသည့်အပြင် လက် နှစ်ဖက်ကို လက်ထိပ်ခတ်ကာ ခြေထောက်နှစ်ဖက်ကိုလည်း ကြိုးများဖြင့်ချည်နှောင်ထားပြီး လူမဆန်စွာ သတ် ဖြတ်ခံထားရခြင်း ဖြစ်သည်။

သေဆုံးသူသည် ဇူလိုင်လ ၁၈ ရက်နေ့က သူငယ်ချင်းများနှင့်အတူ ယိုးတရုတ်မြောင်သို့ သွားရန်ပြင်ဆင်နေစဉ် အမျိုးသားတစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုနေ့မှစ၍ ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုဝင်များ၊ ဒေသခံများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံ ရှာဖွေခဲ့ရာ ၅ ရက်အကြာတွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အားနည်းသည့်အမျိုးသမီးတစ်ဦးကို ညှင်းပန်းနှိပ်စက်ကာ လူမဆန်စွာသတ်ဖြတ်ပြီး မုဒိမ်းကျင့်ခြင်းသည် အစွန်း ရောက်လွန်းနေသဖြင့် မူးယစ်ဆေးဝါးသုံးစွဲကာ အုပ်စုလိုက်ကျူးလွန်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ် နေကြသည်။

ရုပ်အလောင်းတွင် အဝတ်အစားများ ကင်းမဲ့နေပြီး လက်နှစ်ဖက်စလုံးကို လက်ထိပ်ခတ်ထားခြင်းမှာ ပြည်သူ များ၏ အမြင်တွင် အာရက္ခတပ်တော်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေသည်ဟု ဆိုသည်။

ရခိုင်ရှိ အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက “ဒီဟာက လုံးဝလူမဆန်တဲ့ပုံစံနဲ့ သတ်ဖြတ်ခံထား ရတာ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ဓားနဲ့ညှင်းပန်းနှိပ်စက်ထားတာ ဖြစ်တယ်။ မုဒိမ်းကျင့်ပြီး သတ်ဖြတ် ထားတယ်လို့လည်း သိရတယ်။ နောက်ပြီးတော့ လက်ထိပ်ခတ်ထားတာကကျတော့ လုံးဝအထင်းသား အရာ တစ်ခု ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က သေဆုံးသူ၏ ရုပ်အလောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက် ရှိသည်။

ယခုလူသတ်မှုဖြစ်စဉ်သည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့ဖူးသမျှ မှုခင်းများအနက် အစက်စက်ဆုံးနှင့် လူမဆန်ဆုံးဖြစ်နေ၍ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး အပါအဝင် အခြားအရပ်ဖက်အဖွဲ့အစည်းများကပါ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်နေကြသည်။

အာရက္ခတပ်တော်၏ မှုခင်းဌာန၏ ထုတ်ပြန်ချက်အရ မည်သူမဆို လူသတ်မှုကျူးလွန်ပါက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) အရ သေဒဏ် (သို့မဟုတ်) ငွေဒဏ် ချမှတ်နိုင်ပြီး၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀ အထိ ချမှတ်နိုင်ကာ ငွေဒဏ်များလည်း ချမှတ်နိုင်ကြောင်း သိရသည်။

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...