ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဌာနချုပ်နှင့် အနီးဆုံးတွင် တည်ရှိသော ချင်းပြည် မြောက်ပိုင်း၊ ထန်တလန် မြို့နှင့် အနီးဝန်းကျင်ဒေသတစ်ဝိုက်ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန် ကြေညာသည်။
ဟားခါး - ထန်တလန် လမ်းကြောင်းမှတစ်ဆင့် စစ်အင်အားများ ဖြည့်တင်းကာ အင်အားအလုံးအရင်းဖြင့် တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်၏ ပြန်ကြားရေးက ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်တပ်သည် ထန်တလန်မြို့ကို ပြန်လည်ရယူနိုင်ရန် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီးနောက် ဇွန်လ ၁၂ ရက်နေ့ မှ စတင်ကာ တစ်ကျော့ပြန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ ထုတ်ပြန်ချက်အရ ဇွန်လ ၁၃ ရက်နေ့တွင် ထန်တလန်မြို့နယ်ရဲစခန်း၊ ဇွန်လ ၁၉ ရက်နေ့တွင် အမှတ် (၃) မူလတန်းကျောင်း၊ ဇူလိုင်လ ၅ ရက်နေ့တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင် ပြည်သူ့ဆေးရုံ၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် မြို့နယ်မီးသတ်ရုံးနှင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဟိုတယ် ဇုန် နေရာတို့ကို အဆင့်ဆင့် စီးနင်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
စစ်တပ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းခြင်းသည် ချင်းပြည်မြောက်ပိုင်းရှိ ရိခေါ်ဒါရ်မြို့နှင့် ကျီခါးမြို့မှလွဲ၍ ဟားခါး၊ တီးတိန်၊ ဖလမ်း၊ တွန်းဇံမြို့အားလုံးကို ပြန်လည်လွှမ်းမိုးနိုင်ရန် ဗျူဟာမြောက် ပြင်ဆင်လာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
၎င်းက “ထန်တလန်မြို့ကို ဇွန်လ ၉ ရက်ကတည်းက တပ်မ ၇၇ ရဲ့ နည်းဗျူဟာတစ်ခု စဝင်တယ်။ အခုတစ်လ ကျော်လောက်မှပဲ ထန်တလန်မြို့ပေါ် ကွက်ကွက်ကို ထိန်းချုပ်နိုင်တယ်ဆိုပြီး ကြေညာတဲ့ အနေအထားမျိုး တွေ့ရတယ်။ အခု သူတို့အနေအထားက ဟားခါး၊ ထန်တလန်လမ်းပိုင်းကို ထိန်းချုပ်သွားနိုင်တဲ့ အနေအထား မျိုး၊ အခုခါမှ ထန်တလန်ကို သိမ်းလိုက်တယ်လို့ ဆိုတာပေါ့နော်” ဟု ပြောသည်။
ထန်တလန်မြို့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ စတင်၍ လက်နက်ကိုင်တော်လှန်ရေး အားကောင်းခဲ့ပြီး စစ်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်များအကြား မြို့စိုးမိုးရေးအတွက် အပြန်အလှန် အကြိတ်အနယ် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြို့တစ်မြို့ ဖြစ်သည်။
စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များက မြို့ပေါ်ရှိ လူနေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီး သည်ဟု ဝါဒဖြန့်နေသော်လည်း မြေပြင်အထောက်အထားများအရ ထန်တလန် နှစ်ခြင်းဘုရားကျောင်းကြီး အပါအဝင် မြို့ပေါ်ရှိ နေအိမ်နှင့် အဆောက်အအုံ ထောင်ချီကို စစ်တပ်ကသာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က ဟားခါးမြို့မှ ထန်တလန်မြို့သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၃၀၀ ကျော်ပါ စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဇွန်လ ၉ ရက်နေ့တွင် စစ်တပ် မြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထို့နောက် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ ချင်းတော်လှန်ရေးတပ်များ ခြေကုတ်ယူထားသည့် နေရာများကို လက်နက်ကြီး၊ ဒရုန်းအကြီးစားများနှင့် လေကြောင်းပစ်ကူများအပြင် တချို့တိုက်ပွဲများတွင် စစ်တပ်က အဆိပ်ငွေ့ပါသော ဓာတုဗုံးများအထိ အသုံးပြုခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း ချင်းအမျိုးသားတပ်မတော် (CNA) နှင့် CDF - ထန်တလန်တို့မှ ရဲဘော်အချို့ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သကဲ့သို့ စစ်တပ်ဘက်မှလည်း ထိခိုက်ကျဆုံးမှု အများအပြား ရှိခဲ့သည်။
လက်ရှိတွင် ထန်တလန်မြို့ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းပြည် အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတို့၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
တစ်ဖက်တွင်လည်း စစ်တပ်သည် ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့များကိုပါ မေလလယ်မှ စတင်ကာ အင်အားထောင်ချီဖြင့် စစ်ဆင်ခဲ့သော်လည်း ချင်းပူးပေါင်းတပ်များ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အထိနာခဲ့ပြီး၊ လက်ရှိတွင် အင်အားများ ထပ်မံဖြည့်တင်းကာ ထိုးစစ်အရှိန်မြှင့်ရန် ပြင်ဆင်နေကြောင်း မြေပြင်ရှိ စစ်ရေး သတင်းရင်းမြစ်များက ဆိုသည်။







