ရေကြီးမှုကြောင့် မြောက်ဦးတွင် လယ်ယာနှင့် သီးနှံစိုက်ခင်းများ ပျက်စီး

ရေကြီးမှုကြောင့် မြောက်ဦးတွင် လယ်ယာနှင့် သီးနှံစိုက်ခင်းများ ပျက်စီး

ရေကြီးမှုဒဏ် ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် လယ်ယာနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ ယင်းတို့ကို ပြန်လည်လုပ်ကိုင်နိုင်ရန် ဒေသခံတောင်သူများ၌ အခက်အခဲ ဖြစ်ပေါ်နေသည်။

ထွန်ယက်စိုက်ပျိုးထားသည့် စပါးခင်းများသည် တစ်ပတ်ခန့်ကြာ ရေနစ်မြုပ်ခဲ့သဖြင့် ရက်ပိုင်းမျှသာ ရှိသေးသည့် စပါးပင်ငယ်များမှာ နုန်းမြေများ ဖုံးလွှမ်းကာ ပြန်လည်ရှင်သန်နိုင်မည့် အနေအထား မရှိတော့ကြောင်း တောင်သူ များက ပြောဆိုကြသည်။

မြောက်ဦးမြို့နယ်၊ ကျီရာပြင်ကျေးရွာမှ လယ်သမား ဦးစံသိန်းလှက “မိုးရွာတာက ၁၁ ရက်နီးပါး ရွာပြီး ၇ ရက် လောက် ရေကြီးတော့ လက်ဦးကြဲထားတဲ့ စပါးတွေက အကုန်သေမှာ။ ရေနက်တဲ့ဘက်က ကောက်ကြီး၊ ကောက်ရင် စိုက်ထားတဲ့သူတွေမှာဆိုရင် ပျက်စီးသွားနိုင်တယ်။ စပါးထပ်ကြဲမယ်ဆိုရင် လယ်တစ်ခေါက် ပြန်ထွန်ရမယ်ဆိုတော့ ပိုက်ဆံက ထပ်ကုန်တော့မယ်။ ပျက်သွားတဲ့သူတွေမှာ လယ်ပြန်ထွန်ရမှာဆိုတော့ မျိုးစပါးတွေ၊ ငွေကြေးတွေ လိုအပ်တာပေါ့” ဟု ပြောသည်။

ရခိုင်ဒေသခံ တောင်သူများသည် ယခုနှစ် လယ်ယာလုပ်ငန်းများကို ဓာတ်မြေဩဇာ၊ ထွန်ယက်ခနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု စသည့် သွင်းအားစုစရိတ် ကြီးမားခြင်းကြောင့် လယ်ယာဧက လျှော့ချစိုက်ပျိုးခဲ့ရသည့် ကြားမှ ယခုကဲ့သို့ ရေနစ်မြုပ်ဒဏ်ကို ထပ်မံကြုံတွေ့လိုက်ရသဖြင့် ပြန်လည်စိုက်ပျိုးရန် ရုန်းကန်နေရခြင်း ဖြစ်သည်။

အလားတူ ဟင်းသီးဟင်းရွက်စသည့် သီးနှံစိုက် တောင်သူများမှာလည်း အရင်းအနှီး အခက်အခဲကြားမှ တပိုင် တနိုင် စိုက်ပျိုးထားကြသော စိုက်ခင်းများ ရေလွှမ်းမိုးမှုကြောင့် သေကြေပျက်စီးသွားသဖြင့် ဆုံးရှုံးမှု ကြီးမားခဲ့ရ သည်။

ယခုကဲ့သို့ စစ်ရေးကာလအတွင်း အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်များ ကြားမှ မိသားစု ဝမ်းရေးအတွက် အားကိုးနေရသော စိုက်ပျိုးခင်းများ ပျက်စီးသွားသဖြင့် စားဝတ်နေရေးအပေါ် တိုက်ရိုက် ထိခိုက်မှု ဖြစ်ပေါ်ခဲ့ရသည်။

မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာမှ စိုက်ခင်းပိုင်ရှင် ဒေါ်နီနီက “ကျမတို့ ရွာမှာက စိုက်ခင်း ၁၀ ကျော် လောက် ပျက်စီးသွားတယ်။ စိုက်ခင်းလုပ်ပြီးတော့ စားနေရတာ။ အဲဒါတွေ ပျက်စီးသွားတော့ မိသားစုဝင်ငွေ ထိခိုက်မှုတွေ ရှိတယ်။ စားဝတ်နေရေးအတွက်၊ သားသမီး ပညာရေးအတွက် ထိခိုက်တာပေါ့။ ပြန်စိုက်ဖို့က ငွေကြေး၊ ဟင်းမျိုးစေ့တွေ၊ စိုက်ခင်းလုပ်ဖို့ ဝါးတွေ လိုအပ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် ဇူလိုင်လ ၄ ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ် ၈ ခုထက်မနည်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူသိန်းနှင့်ချီ ရေဘေးဒဏ် ခံစားခဲ့ရသည်။

လက်ရှိတွင် ရေများ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သော်လည်း အချို့နေရာများ၌ ရေဆက်လက် နစ်မြုပ်နေဆဲ ဖြစ်ကာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။ ရေကြီးမှုကြောင့် လယ်ယာ၊ သီးနှံစိုက်ခင်း၊ လမ်း တံတားနှင့် နေအိမ်များ ပျက်စီးမှု ရှိနေသော်လည်း လတ်တလောတွင် ပျက်စီးဆုံးရှုံးမှုစာရင်း အတိအကျကိုမူ မသိရှိနိုင်သေးပေ။

July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...
July 16, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့်...
July 15, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု...
July 13, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး...