‘အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့’ မှ ခေါင်းဆောင် ကိုဝင်းဇော်အပါအဝင် ဒေသခံ လေးဦးကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဖမ်းဆီးသွားပြီးနောက် ၅ ရက်အကြာတွင် ရပ်မိရပ်ဖများ ထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း ဒေသခံများက ပြောသည်။
၎င်းတို့ကို ဇူလိုင်လ ၆ ရက်နေ့က ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ၅ ရက်အကြာ ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြန်လွှတ် ပေးခဲ့ ဖြစ်သည်။
ဒေသခံတစ်ဦးက “ကိုဝင်းဇော်ရဲ့ မျက်ခွက်ကတော့ နည်းနည်း အထိုးခံထားရတယ်။ ဓာတ်ပုံမှာကြည့်လိုက် ညိုမဲနေတယ်။ နန့်မီးလောင် ရွာသား ၄ ဦးကို ရပ်မိရပ်ဖတွေကနေတစ်ဆင့် ပြန်လည်စေလွှတ်ပြီး လွတ်ပေး လိုက်တယ်” ဟု ပြောသည်။
ပြန်လည် လွတ်မြောက်လာသူများမှာ ရှမ်းနီအကအဖွဲ့ခေါင်းဆောင် ကိုဝင်းဇော်နှင့်အတူ ကိုမောင်မဲ၊ ဒေါ်မေအောင်၊ ဒေါ်ကြည်ကြည်ဝင်းတို့ လေးဦးလုံး ဖြစ်သည်။
ဆားမှော်ကျေးရွာမှ ဒေသခံ ရပ်မိရပ်ဖတစ်ဦးက “၅၆၅ က ခေါ်ထားတဲ့ သူတွေအားလုံးကို ဒီနေ့ (ဇူလိုင်လ ၁၀ ရက်နေ့) ညနေ ၅ နာရီမှာ အားလုံးကို လွတ်လိုက်ပါ ပြီ။ နန့်မီးလောင်အဖွဲ့တွေ အားလုံးကိုလည်း လွတ်ဖို့မျှော် လင့်ပါတယ်” ဟု ရှမ်းနီအသံသို့ ပြောသည်။
ယခုကဲ့သို့ ပြန်လည် လွတ်မြောက်လာခြင်းမှာ နှစ်ဖက်တပ်များကို စစ်တပ်၊ ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့များနှင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့များက ကြားဝင်ညှိနှိုင်းပေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မီးလောင်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ‘အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့’ မှ ခေါင်းဆောင် ၁ ဦးနှင့် အဖွဲ့ဝင် ၃ ဦးတို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
အလားတူ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ခေါင်းဆောင်များ ဖမ်းဆီးခံရ မှုနှင့် ပတ်သက်၍ ဇူလိုင်လ ၉ ရက်နေ့က ခေါ်ယူမေးမြန်းထားသည့် ဆားမှော်ကျေးရွာမှ ဒေသခံ ၃၀ ဦးကိုလည်း ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းကလည်း အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌ ဦးစိုင်းစိန်လွင်ဦးနှင့် အခြားယဉ်ကျေးမှုအဖွဲ့ဝင်များကို KIA က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ရှိခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ဖူးသည်။
အလားတူ ၂၀၂၂ ခုနှစ်အတွင်း၌လည်း ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းမှ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များကို KIA တပ်ဖွဲ့များက မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ဖမ်းဆီးပြီးနောက် ပြန်လည်လွှတ်ပေးမှုများ ရှိခဲ့သော်လည်း အသက်အန္တရာယ် ထိခိုက်မှုများလည်း ရှိခဲ့သည်။







