ကချင်ပြည်၊ အင်းတော်ကြီးဒေသမှ ရှမ်းနီယဉ်ကျေးမှု အက အဖွဲ့ခေါင်းဆောင် အပါအဝင် ၄ ဦးကို ကချင်လွတ် လပ်ရေး တပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးသွားသည်။
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မီးလောင်ကျေးရွာရှိ နေအိမ်တစ်အိမ်၌ ‘အင်းတော်ကြီးဒေသလုံး ဆိုင်ရာ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့’ မှ ခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင် သုံးဦးတို့ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
အသင်းနှင့် နီးစပ်သူ တစ်ဦးက “မျက်နှာမှာ ပုဝါတွေစည်းပြီး ခေါ်သွားတယ်ပြောကြတယ်။ လူစာရင်းတွေနဲ့ လာ ခေါ်တာ၊ ထမင်းချက်နေကြရင်း ပါသွားကြတာ။ ညောင်ပင်အချုပ်မှာ ထားထားပြီး အတွေ့မခံခိုင်းဘူး ကြား နေရတယ်။ အခြေအနေတော့ သေသေချာချာ မသိရသေးဘူး၊ ဖမ်းခံရတာတော့ သေချာတယ်” ဟု ပြောသည်။
၎င်းတို့ ၄ ဦးကို ဇူလိုင်လ ၆ ရက်နေ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။
ဖမ်းဆီးခံရသူများထဲတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ နားလတန်းကျေးရွာသား ကိုဝင်းဇော် ပါဝင်ပြီး ဖမ်းဆီးရသည့် အကြောင်းရင်းကိုလည်း တိကျစွာ မသိရှိရသေးပါ။
အဆိုပါ ဖမ်းဆီးခံရသူများကို ပြန်လည်လွှတ်ပေးနိုင်ရန် ရပ်မိရပ်ဖများက ကြိုးပမ်းဆောင်ရွက်နေပြီး သွားရောက် ညှိနှိုင်းခေါ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များကို KIA တပ်ဖွဲ့က မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ဖမ်းဆီးခံရသူအချို့ ပြန်လည်လွတ်မြောက်လာသော်လည်း အချို့မှာ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း KIA တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည့် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် ၁၀ ဦးထက်မနည်း ရှိနေပြီဖြစ်သည်။







