ဟားခါး CDF စခန်းတစ်ခုကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ဟားခါး CDF စခန်းတစ်ခုကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ချင်းပြည်၊ ဟားခါးမြို့နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF - ဟားခါး) ၏ တပ်စခန်းတစ်ခုကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီး၊ Y-12 လေယာဉ် ၁ စီးတို့ဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအများအပြား ကြဲချတိုက် ခိုက်ခဲ့သည်။

ဇူလိုင်လ ၆ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် CDF - ဟားခါး ထိန်းချုပ်နယ်မြေအတွင်းရှိ လုံနှမ်း (Lung Hnam) ကျေးရွာ အနီးရှိ စခန်းကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့သည့်အပြင်၊ Y-12 လေယာဉ်ဖြင့်လည်း ဗုံးများကို အတွဲလိုက် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ CDF - ဟားခါး ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောသည်။

“မနေ့က ၁ နာရီဝန်းကျင်မှာ ကျနော်တို့ စခန်းတစ်ခုကို လေယာဉ်နဲ့ လာတိုက်ခိုက်သွားတယ်။ ဂျက်က ၂ စီး၊ ပေါင် ၅၀၀ ဗုံးက ၄ လုံး၊ Y-12 ကနေလည်း ဗုံးသီးတွေ လာချတာ အများကြီးပဲ။ ဗုံးသီး ၇၆ လုံးအထိတော့ ရေနိုင်တယ်။ အဲထက်ကျော်လာတော့ မရေနိုင်ခဲ့ဘူး။ အကုန်လုံးကို စခန်းထဲကိုပဲ လာချတာ။ ဒါပေမယ့် အိမ် နည်းနည်း ပျက်စီးတာပဲ ရှိတယ်။ လူ ထိခိုက်မှု မရှိဘူး။”

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်၊ ည ၁၀ နာရီခန့်ကလည်း CDF - ဟားခါး၏ တပ်ရင်း ၁ စစ်စခန်းနှင့် တပ်ရင်း ၄ ၏ တပ်မဟာရုံးတို့ကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်း ၁ မှ ရဲဘော် ၄ ဦးနှင့် တပ်ရင်း ၄ မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ဖူးသည်။

လက်ရှိတွင် ဟားခါးမြို့နယ်အတွင်း ဒေသခံပြည်သူများ လိုက်နာဆောင်ရွက်ရမည့် လုံခြုံရေးဆိုင်ရာ သတိပေး ချက်များကို CDF - ဟားခါး တပ်မဟာကော်မတီက ယနေ့ ဇူလိုင်လ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ရခြင်းမှာ စစ်တပ်၏ တိုက်ခိုက်မှုများသည် တည်နေရာအတိအကျဖြင့် ထိမှန်နေသောကြောင့် ဖြစ်ကြောင်း CDF - ဟားခါး ဥက္ကဋ္ဌက သုံးသပ်ထားသည်။

“သူတို့ လာတဲ့ ပုံစံက နေရာအတိအကျနဲ့ လာတာ။ စခန်းထဲကိုပဲ အတိအကျ လာပစ်တယ်။ အဲဒါတွေက ဘယ် ကနေ တည်နေရာ (Location) သိသလဲဆိုတာတော့ အများကြီးတော့ ရှိမှာပေါ့။ အဲဒီထဲမှာမှ မြေပြင်ကွင်းဆင်း တဲ့ လူမရှိရင်တော့ မရလောက်ဘူးလို့ ကျနော်တို့က ယူဆတယ်။ ဒီနေ့အထိ သူတို့ တိုက်ခိုက်တဲ့ ပုံစံက တော် တော်လေး တိကျတယ်။ အဲဒါကြောင့် ဒီဟာတွေကို ကာကွယ်လို့ ရမလားဆိုတဲ့ ဟာနဲ့ပေါ့နော်။ ကျနော်တို့ ထိန်းချုပ်နယ်မြေတွေမှာ လူအဝင်အထွက် အသွားအလာကိုလည်း ကျနော်တို့က ဒီကြီးကြပ်ဖို့ပေါ့။”

ထို့ပြင် ဟားခါးမြို့အနီးဝန်းကျင်ဒေသများကို လုံခြုံရေးအခြေအနေအရ ဇူလိုင်လ ၇ ရက်မှစတင်၍ ညမထွက်ရ အမိန့်ကို CDF - ဟားခါးက ကြေညာထားသည်။

မြို့တွင်းနှင့် ကျေးရွာများတွင် စစ်တပ်ဖွဲ့ဝင်များနှင့် Non-CDM ဝန်ထမ်းများသည် အရပ်ဝတ်များဖြင့် ပြည်သူ အသွင်ယူ လှုပ်ရှားနေမှုများ ရှိနေသသဖြင့်၊ မိမိတို့ရပ်ရွာအတွင်း မသင်္ကာဖွယ်သူစိမ်းများ တွေ့ရှိပါက သက်ဆိုင် ရာ တာဝန်ရှိသူများထံ ချက်ချင်းသတင်းပေးပို့ရန်လည်း အသိပေးထားသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းနှင့် ပြည်သူများ လုံခြုံရေးသတိရှိရန် လိုအပ်ပုံကိုလည်း CDF - ဟားခါး ဥက္ကဋ္ဌက ယခုကဲ့သို့ ရှင်းပြသည်။

“ဒီညမထွက်ရဆိုတာက အဓိကက ဟားခါးမြို့ ဘေးပတ်ဝန်းကျင်မှာပါ။ ညဆိုရင် ဘယ်သူမှန်းကို မသိရတော့။ ကျနော်တို့ကလည်း မှားပြီး အရပ်သားပြည်သူတွေကို တိုက်ခိုက်မိမှာ စိုးလို့ပါ။ ကျေးရွာဘက်ကို မသင်္ကာစရာ လူတွေ ရှိရင် လူအဝင်အထွက်ကို ကြပ်မတ်ဖို့၊ ကောင်းကောင်းလည်း စစ်ဆေးရမယ်။ ပြည်သူတွေ လုံခြုံရေး သတိ ရှိကြဖို့၊ ရည်ရွယ်ပြီး ထုတ်တာပါပဲ။”

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ဟားခါးမြို့အနီးဝန်းကျင်တွင် ဇူလိုင်လ ၇ ရက်မှ စတင်ကာ ညနေ ၇ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုရန် ပြည်သူများအနေဖြင့် မပျက်မကွက် လိုက်နာဆောင်ရွက်ကြရ မည် ဖြစ်သည်။

ချင်းပြည် အစိုးရရုံးစိုက်ရာ ဟားခါးမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားသော်လည်း၊ ကျန်ရှိသည့် မြို့နယ်ဧရိယာ အများစုကို CDF - ဟားခါးနှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားခြင်း ဖြစ်သည်။

Most read this week

ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...
August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...
ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...