မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ်မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက် စစ်ရေးတင်မာနေကြောင်း စစ်မြေပြင်တွင် လှုပ်ရှားနေသည့် တပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက် မိုးဗြဲက (၄၂၂) ခမရ တပ်ထဲကနေ နန်းမယ်ခုံဘက်ကိုတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာ။သူတို့ဘက်က လှုပ်ရှားမှုရှိရင် အနီးအနားပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်တယ်။သူတို့ကလည်း နန်းမယ်ခုံဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်နေတယ်ဆိုတော့ နှစ်ဘက်စစ်ရေး တင်းမာနေတဲ့ အခြေအနေ ရှိပါတယ်” ဟု စစ်မြေပြင်တွင် လှုပ်ရှားနေသည့် တပ်မှူးတစ်ဦးက ပြောသည်။

ယခုနှစ် ၂၀၂၆ နှစ်ဆန်းပိုင်းမှစပြီး စစ်ကော်မရှင်တပ်သည် မိုးဗြဲမြို့အနီးတဝိုက်၌ လှုပ်ရှားနေပြီး မိုးဗြဲ - နန်းမယ်ခုံ - ဒီးမော့ဆို လမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်ဟု မြေပြင်တွင် လှုပ်ရှားနေသည့် တပ်မှူးတစ်ဦးက ဆက်ဆိုသည်။

“လက်ရှိ စစ်ကောင်စီက မိုးဗြဲအနီးတဝိုက်မှာ ရှိနေတာ။လမ်းပိုင်က တောင်ခြေတွေနဲ့ နန်းမယ်ခုံဘက်ကို လိုချင်နေတာ။ကြားထဲမှာ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အပြင်းအထန် ပြန်ခုခံနေ ကြတယ်။အခု စစ်ကောင်စီတွေက မိုးဗြဲ - ဒီမောဆို လမ်းမကြီးကို ထိန်းချုပ်ချင်နေတာ။ အဲဒါကြောင့် နန်းမယ်ခုံ နဲ့ အနီးအနားကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်နေတာပါ” ဟု ၎င်းက ပြောသည်။

မိုးဗြဲမြို့ မှ ဒီးမော့ဆိုမြို့သို့ ကားလမ်းမကြီးအကွာအဝေးသည် မိုင် ၃၀ ဝန်းကျင်ရှိရှည်လျားပြီး မိုးဗြဲမြို့မှ နန်းမယ်ခုံကိုဖြတ်ကာ ဒီးမော့ဆိုမြို့သို့ ဆက်သွယ်ထားသည့် အဓိကလမ်းကြောင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် စစ်ကော်မရှင်တပ်သည် တော်လှန်ရေးတပ်ပေါင်းစုတို့ ထိန်းချုပ်ထားသည့် မိုးဗြဲ - လွိုင်ကော် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့သည်။

အဆိုပါ စစ်ရေးလှုပ်ရှားမှုများကြောင့် တော်လှန်ရေးတပ်ပေါင်းစုက စစ်ကော်မရှင်တပ်၏ အထိုင်စခန်းများကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း မိုးဗြဲ နှင့် လွိုင်ကော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

July 2, 2026
သျှမ်းပြည်တောင်ပိုင်းတွင် စလော့ဂိမ်းကစားသူများကို စတင်ဖမ်းဆီးလာပြီး လမ်းသွားလမ်းလာများ၏...
June 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့...
June 27, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း ပုံးအင်းဒေသတွင် ဆန်စပါးဈေးနှုန်းများ...