ကျောက်ဖြူတွင် စားသောက်ကုန်များကို စစ်တပ်နှင့် ဌာနဆိုင်ရာများက ချုပ်ကိုင် ဈေးကစားနေ

ကျောက်ဖြူတွင် စားသောက်ကုန်များကို စစ်တပ်နှင့် ဌာနဆိုင်ရာများက ချုပ်ကိုင် ဈေးကစားနေ
ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ ကုန်ပစ္စည်းများကို စစ်တပ်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းအချို့ ပူးပေါင်းပြီး ပြည်သူများထံ ဈေးနှုန်းမြှင့်တင် ရောင်းချနေကြောင်း သိရသည်။

စစ်တပ်သည် ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းက စ၍ ကျောက်ဖြူမြို့ အဝင်အထွက်ကို ပိတ်ဆို့ထားပြီး မြို့ခံများအတွက် လိုအပ်သော အခြေခံစားသောက်ကုန်ပစ္စည်များကို ကုန်သင်္ဘောနှင့် လေယာဉ်တို့ဖြင့် ရန်ကုန်ကနေ တင်သွင်းနေခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ရန်ကုန်ကနေ ကျောက်ဖြူသို့ တစ်လလျှင် သင်္ဘော ၃ စီးဖြင့် စားသောက်ကုန်ပစ္စည်းများ တင်သွင်းနေခြင်းဖြစ်ပြီး ယင်းစားသောက်ကုန်ပစ္စည်းများကို စစ်တပ်နှင့် နီးစပ်သူ စီးပွားရေးသမား၊ ဌာနဆိုင် ရာဝန်ထမ်းများက မြို့ခံများထံ ဖြန့်ဝယ်ရောင်းချနေခြင်းဖြစ်သည်။

“ စစ်တပ်နဲ့ မနီးစပ်တဲ့ ကုန်သည်တွေဆိုရင် ဘာပစ္စည်းမှ မှာယူခွင့် မရှိဘူး။ သူတို့ဆီကနေပဲ တစ်ဆင့် မတန်တဆ ဈေးနှုန်းနဲ့ ဝယ်ပြီးမှ ကိုယ့်ဆိုင်မှာ တင်ရောင်းရတာ ” ဟု ကျောက်ဖြူမြို့ခံ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယခင်က ကျောက်ဖြူမြို့ခံ ကုန်သည်များမှာ ကုန်ပစ္စည်းများကို သင်္ဘောဖြင့် မှာယူရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံ ခွင့်ပြုမိန့်တင်ရုံဖြင့် တိုက်ရိုက်မှာယူ ရောင်းချခွင့်ရခဲ့သည်။

သို့သော်လည်း ၂၀၂၅ နှစ်ကုန်ပိုင်းက စ၍ ကျောက်ဖြူ အခြေစိုက် ခလရ (၃၄)မှ ဗိုလ်ကြီး အောင်ဖြိုးဦး (ခ) ဓာတ်ဆီဆိုသူက ကုန်ပစ္စည်းတင်သွင်းခွင့် လိုင်စင်နှင့် ခွင့်ပြုမိန့်များကို တိုက်ရိုက်ချုပ်ကိုင်ခဲ့ပြီး ၎င်းနှင့် နီးစပ်သူများကိုသာ လက်ဝါးကြီးအုပ်၍ တင်သွင်းခွင့်ပေးထားသည်။

“ ဘယ်လောက် ဆိုးသလဲဆိုရင် အကြောင်းအမျိုးမျိုးကြောင့် သင်္ဘောတစ်ခေါက်လောက် မရောက်တာနဲ့ ပစ္စည်းတွေကို ဈေးတင်ထားကြပြီ။ တစ်ခါတစ်လေ ပစ္စည်းတွေ ရှိရဲ့သားနဲ့ ထုတ်မရောင်းဘဲ ဈေးတက်လာအောင် ဖန်တီးပြီးတော့ ပြည်သူတွေကို နှိပ်စက်နေတာ ” ဟု ကျောက်ဖြူမြိုခံ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ စားနပ်ရိက္ခာ စီးဆင်းမှုများကို စစ်တပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက အာဏာသုံး ချုပ်ကိုင်ထားမှုကြောင့် မြို့ခံ အခြေခံလူတန်းစားများမှာ စားဝတ်နေရေး ကျပ်တည်းမှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရသည်။

ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက “ ကုန်ဈေးနှုန်းကြီးတဲ့အပြင် အလုပ်မရှိ အကိုင်မရှိ။ အငတ်မခံနိုင်တော့ ထမင်းကျန်၊ ဟင်းကျန်တွေ တောင်းစားပြီး ဝမ်းရေးကို ဖြေရှင်းလာကြတယ်။ ပြောရမယ်ဆိုရင် အခု ကျောက်ဖြူမှာ တောင်းရမ်းစားသောက်သူတွေ များလာတယ် ” ဟု ပြောသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် နို့ဆီဗူး ၃၂ ဗူးဆံ့ ဆန်းကြမ်းတစ်တောင်းကို ငွေကျပ် ၂၅,၀၀၀၊ စားဆီ တစ်လီတာကို ငွေကျပ် ၂၀,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာကို ၁၀,၀၀၀ ကျော်၊ ငရုတ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၄၀,၀၀၀ ကျော် စသဖြင့် ဈေးနှုန်းရှိနေသည်။

ထို့အပြင် အသား၊ ငါး ဈေးနှုန်းမှာလည်း တစ်ပိဿကို ငွေကျပ် ၄၀,၀၀၀ ကျော်အထိ ရှိသဖြင့် အခြေခံ လက်လုပ်လက်စားများမှာ ပိုပြီးကျပ်တည်းလာနေကြောင်း ပြောကြသည်။

လက်ရှိ ကျောက်ဖြူတိုက်ပွဲသည် တစ်နှစ်ကျော် ကြာမြင့်လာပြီး စစ်တပ် ထိန်းချုပ် ဧရိယာက ဒေသခံများ အပါအဝင် ULA/AA ထိန်းချုပ်ရာတွင် စစ်ရှောင်နေကြသူများမှာလည်း စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာရင်ဆိုင်နေကြရသည်။

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...