ကျောက်ဖြူ၊ တောင်မော်ကြီးရေတပ်အနီး တိုက်ပွဲပြင်းထန်

ကျောက်ဖြူ၊ တောင်မော်ကြီးရေတပ်အနီး တိုက်ပွဲပြင်းထန်
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း တိုက်ပွဲပြန်လည် ပြင်းထန်လာနေပြီး အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ချ အညံ့ခံသူများလည်း ရှိနေကြာင်း သိရသည်။

အဆိုပါ တိုက်ပွဲများမှာ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်ထိ အနည်းငယ် ငြိမ်သက်နေခဲ့သော်လည်း ဇွန်လ တတိယပတ်မှ စ၍ လက်ရှိအချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ပွဲ တောက်လျှာက်ပြင်းထန်နေခြင်းဖြစ်သည်။

“ ခုရက်ပိုင်း တိုက်ပွဲတော်တော်ပြင်းထန်လာတယ်။ စစ်အုပ်စုဘက်က တောက်လျှောက် စစ်ကြောင်းတွေ တစ်ကြောင်းပြီး တစ်ကြောင်း ထွက်လာနေတာ။ ဇွန် ၂၄ ရက်ကဆိုရင် ညအထိ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေကြတာ ” ဟု မြေပြင်စစ်ရေးအခြေအနေသိသူ အမျိုးသားတစ်ဦးက ပြောသည်။

စစ်အုပ်စုသည် တောင်မော်ကြီးရေတပ်စခန်းမှ စနဲမြို့အနီးရှိ အဝတောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး AA ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံး များပြားကာ လက်နက်ချ အညံ့ခံနေသူများ ရှိနေသည်။

ယခုရက်ပိုင်း တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က လက်နက်ချ အညံ့ခံလာသူ ၄ ဦးထက်မနည်း ရှိပြီး တစ်ချို့မှာ ဒဏ်ရာရရှိထားသဖြင့် AA က ဆေးကုသပေးထားကြောင်း သိရသည်။

“ ၄ ယောက် ရထားတယ်။ နောက်ထပ်လည်း အညံ့ခံသူတွေ ရှိသေးတယ်လို့ ကြားတယ်။ သူတို့ဟာ နောက်ကို ဆုတ်ရင်လည်း ပစ်သတ်ခံရမယ်ဆိုပြီး အမိန့်ပေးခံထာရတာ။ ဆုတ်မိန့် မရှိဘူးလို့ ပြောကြတယ် ” ဟု နောက်ထပ် စစ်ရေးအခြေအနေသိသူ အမျိုးသားတစ်ဦးက ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ရာ စနဲမြို့သို့ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသော စစ်တပ်စစ်ကြောင်းမှာ စစ်ခေါင်းဆောင်၏ နောက်မဆုတ်ရ အမိန့်ပေးခံထားရပြီး စစ်ကြောင်းတစ်ကြောင်းထွက်တိုင်း အင်အားရာချီ အသုံးပြုနေခြင်းဖြစ်သော်လည်း AA ၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် အကျအဆုံး များပြားနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်က AA ထိန်းချုပ်ထားသော စနဲမြို့ကို စစ်အုပ်စုထိုးစစ်ဆင်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ ယခုအခါ တစ်လကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ထိုးစစ်ဆင်လာသော စစ်အုပ်စု စစ်ကြောင်းများမှာ AA ၏ တန်ပြန်ထိုးစစ်ကြောင့် တပ်ပျက်ပြီး နောက်ဆုတ်ခဲ့ရသည့်အပြင် တောင်မော်ကြီးရေတပ်စခန်း၏ ကာကင်းများကိုပါ AA က သိမ်းပိုက်၍ ရေတပ်စခန်းကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားသည်။

သို့သော်လည်း စစ်အုပ်စုသည် ရေတပ်အားသာချက်ကို အသုံးချကာ စစ်သင်္ဘောများဖြင့် အင်အား ဖြည့်တင်းစုဖွဲ့၍ စနဲမြို့ကို ထိုးဖောက်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...