အတွဲလိုက်ဆောင်းဘောက်ဖွင့်လှစ်မှုပိတ်ပင်ရေးအဆို မွန်လွှတ်တော် အတည်ပြု

အတွဲလိုက်ဆောင်းဘောက်ဖွင့်လှစ်မှုပိတ်ပင်ရေးအဆို မွန်လွှတ်တော် အတည်ပြု

အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး ထိခိုက်အနှောင့်အယှက် ဖြစ်နေတဲ့အပေါ် ထိရောက်စွာ အရေးယူ တားဆီးပိတ်ပင်ရေးအဆိုကို မွန်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူ မရှိ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအဆိုကို ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က ကျင်းပပြုလုပ်တဲ့ စစ်အစိုးရရဲ့ တတိယအကြိမ် မွန်ပြည်နယ် ဒုတိယ ပုံမှန်အစည်းအဝေးမှာ ဘီလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရီက တင်သွင်းခဲ့တာပါ။

ဒီအဆိုကို ဇွန် ၁၂ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် လေးဦး ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးပါ အကြုံပြုဆွေးနွေးပြီးနောက် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

အဆိုရှင်ကတော့ အတွဲလိုက် ဆောင်းဘောက်ရဲ့ ဆူညံသံတွေကြောင့် နားရောဂါ အမျိုးမျိုး၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ အူတွင်းရောဂါ ဖြစ်ပွားမှု များလာပြီး လူအများကို နည်းမျိုးစုံနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အန္တရာယ်ပြုနိုင်မှု ကျယ်ပြန့်လာတယ်လို့ ထောက်ပြထားပါတယ်။

အတွဲလိုက် ဆောင်းဘောက် ဖွင့်လှစ်မှု ပိတ်ပင်ရေးအဆိုကို မွန်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တဲ့အတွက် စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က  အဆိုကို အကောင်အထည် ဖော်ပေးရမှာ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက အတွဲလိုက် ဆောင်းဘောက် ဖွင့်လှစ်မှုတွေကို ၂၀၁၂ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ အခန်း (၇) ပုဒ်မခွဲ(ဈ)အရ အသံချဲ့စက်ဖွင့်လှစ်ခွင့်အတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ ခွင့်ပြုချက် တောင်းခံရမှာ ဖြစ်ပါတယ်။

ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်လှစ်တာ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၂၅၊ ၂၆ နဲ့ ၂၇ တို့အရ ထောင်ဒဏ် ခြောက်လအပြင် ငွေဒဏ်ပါ ချမှတ်ခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...