ခရီးသည်တင်ယာဉ်များ ထိုင်းကုန်ပစ္စည်း မသယ်ဆောင်ရန် သတိပေး

ခရီးသည်တင်ယာဉ်များ ထိုင်းကုန်ပစ္စည်း မသယ်ဆောင်ရန် သတိပေး

မွန်ပြည်နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်များ ထိုင်းကုန်ပစ္စည်း မသယ်ဆောင်ရန် ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီက စာထုတ် သတိပေးထားကြောင်း ခရီးသည်တင် ယာဉ်လိုင်းများထံမှ သိရသည်။ 

မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ခရီးသည်ပို့ဆောင်ရေးမှန်လုံယာဉ်အသင်းကို ဇွန်လ ၅ ရက်နေ့ ရက်စွဲဖြင့် စာထုတ်ပြီး သတိပေးထားခြင်းဖြစ်သည်။ 

ယာဉ်လိုင်းများဖြင့်အနေဖြင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက ယာဉ်ပိုင်ရှင်နှင့် ယာဉ်လိုင်းတာဝန်ခံများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟုလည်း သတိပေးထားသည်။ 

၎င်းပြင် ယာဉ်လိုင်းများ တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း မရှိအောင်လည်း ခရီးသည်ပို့ဆောင်ရေးမှန်လုံယာဉ်အသင်းက ကြပ်မတ်ဆောင်ရွက်သွားရန် ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက သတိပေးထားသည်။ 

“အစစ်အဆေးတွေက များသလား မမေးနဲ့ ပစ္စည်းတွေ တင်လာပြီးဆို အသေစစ်တာ။ ထိုင်းပစ္စည်းတွေ ပါ၊ မပါ စစ်တယ်။ တွေ့ရင်လည်း သိမ်းတယ်။ လူကိုပါ ဖမ်းတယ်။ အခြားမြို့နယ်တွေကို ပို့တာတွေကို ဖမ်းသလို ပြည်နယ်အတွင်း မော်လမြိုင်ကနေ ရေးဘက်သွားလည်း စစ်တယ်။ ဖမ်းတယ်။ ထိုင်းပစ္စည်းက မရဘူး။ အကုန်ဖမ်းတာပဲ” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။ 

ထိုင်းကုန်ပစ္စည်းများကို တရားမဝင် ကုန်သွယ်မှု ပြုလုပ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကော်မရှင်က ဖမ်းဆီးနေပြီး ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း ဘီးလင်းမြို့နှင့် သံဖြူဇရပ်မြို့တို့တွင် ထိုင်းကုန်ပစ္စည်းများ ဖမ်းဆီးရမိသေးသည်။

နယ်စပ်လမ်းကြောင်းမှ တင်သွင်းလာသော ထိုင်းကုန်ပစ္စည်းများ၊ ပွဲရုံ၊ ဂိုဒေါင်၊ စျေးကွက်တို့တွင်သာမက မွန်ပြည်နယ်အတွင်း တနေရာမှ တနေရာသို့ သယ်ဆောင်ရာတွင်လည်း ဖမ်းဆီးမှု ပြုလုပ်နေကြောင်း ထိုင်းကုန်ပစ္စည်းရောင်းချနေသူတို့ထံမှ သိရသည်။

ထိုင်းကုန်ပစ္စည်းများကို လိုက်လံဖမ်းဆီးနေသည့်အတွက် ထိုင်းမှတဆင့် တင်သွင်းသည့် စားသောက်ကုန်များ အသုံးအဆောင်ပစ္စည်းများ စျေးတက်ပြီး တချို့ကုန်ပစ္စည်းဆိုလျှင် စျေးကွက်အတွင်း ပြတ်လပ်မှုလည်း ရှိလာသည်ဟု ‌ထိုင်းကုန်ပစ္စည်းရောင်းသူတို့ထံမှ သိရသည်။ 

ထိုင်းကုန်ပစ္စည်းများကို နယ်စပ်မှတဆင့် မွန်ပြည်နယ်သို့ တင်သွင်းပြီး ထိုမှတဆင့် အထက်မြန်မာပြည်ရှိ မြို့ကြီးများသို့ တင်ပို့ရောင်းချကြသည်။ 

ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
August 31, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့်...
August 31, 2026
စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာသည့် စစ်မှုထမ်းကြေး ကောက်ခံမှုသည် မွန်နှင့် ကရင်...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...