ကျောက်ဖြူတွင် ဂျိုင်ရိုကော်ပတာ လေ့ကျင့်စဉ် ဗုံးသီးပြုတ်ကျ ပေါက်ကွဲ

ကျောက်ဖြူတွင် ဂျိုင်ရိုကော်ပတာ လေ့ကျင့်စဉ် ဗုံးသီးပြုတ်ကျ ပေါက်ကွဲ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် အာဏာသိမ်းစစ်တပ်က ဂျိုင်ရိုကော်ပတာ လေ့ကျင့်နေစဉ် ဗုံးသီးပြုတ်ကျပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မြို့ခံများ အထိတ်တလန့် ဖြစ်နေကြောင်း သိရသည်။

ဇွန်လ ၄ ရက်၊ ညနေ ၃ နာရီကျော်တွင် လေ့ကျင့်ပျံသန်းနေသော ဂျိုင်ရိုကော်ပတစ်တစ်စီးမှ ဗုံးသီးသည် စေတီယျရပ်ကွက်ရှိ ဂေါက်ကွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ အဲဒီ ပန်ကာနဲ့ အကောင်တွေ (ဂျိုင်ရိုကော်ပတာ) ပျံတက်သွားတာ ၅ မိနစ်လောက်ပဲ ကြာတယ်။ ဗုံးသီး ပြုတ်ကျတာ။ ပေါက်ကွဲသံက အကျယ်ကြီး ပထမဦးဆုံး ကြားဖူးတာ။ ကံကောင်းလို့ လူတွေ ထိခိုက်တာ မရှိပေမယ့် ဒီကောင်တွေ ပျံပြီဆိုရင် လူတွေက တော်တော်စိုးရိမ်နေကြတာ ” ဟု ကျောက်ဖြူမြို့ခံ အမျိုး သားတစ်ဦးက ပြောသည်။

ဗုံးသီးပြုတ်ကျ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း နောက်ထပ် ယင်းကဲ့သို့ မတော်တဆ ဗုံးသီးပြုတ်ကျလာမည်ကို မြို့ခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်က ယင်းဗုံးသီးမှာ ဟောင်းနွမ်းနေပြီဖြစ်၍ အန္တရာယ်ကင်းစေရန် တမင်တကာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများကို ရှင်းပြနေကြောင်း သိရသည်။

ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက “ အဲဒီ ဗုံးသီးက ဒိတ်( Date ) ကုန်နေလို့ ဖောက်ခွဲလိုက်တာလို့တော့ စစ်တပ်က ပြောတယ်။ ဒါပေမဲ့ သူတို့ ဖောက်ခွဲတဲ့ နေရာက လူတွေနေတဲ့ ရပ်ကွက်နားဖြစ်နေတယ်။ ကျမက‌တော့ လေ့ကျင့်ရင် မတော်တဆ ဖြစ်တာလို့ ထင်တယ် ” ဟု ပြောသည်။

အခြားတစ်ဖက်တွင်လည်း ပိတ်မိနေသော ကျောက်ဖြူမြို့ခံများကို စစ်အုပ်စုက ၎င်းတို့ လုပ်ချင်ရာ လုပ်လို့ ရသည့်အကြောင်းကို သိစေရန် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ခြင်းလည်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများ လည်းရှိနေသည်။

“ အထာပေးတဲ့ သဘောပေါ့။ မင်းတို့တွေ ငါတို့လက်ထဲမှာ အချိန်မရွေး ခုလို ဗုံးကြဲလို့ရတယ်။ ဒါကြောင့် ငါတို့ အမိန့်အောက်မှာ ငါတို့ပြောတဲ့အတိုင်း နေဆိုတဲ့ သဘောမျိုးနဲ့ ခြိမ်းခြောက်တာလို့ ထင်တယ်” ဟု ကျောက်ဖြူမြို့ခံ နောက်ထပ် အမျိုးသားတစ်ဦးက သုံးသပ်သည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် မေလ ၂၅ ရက်မှ စ၍ ကျောက်ဖြူလေယာဉ်ကွင်းတွင် လုံခြုံရေးအစောင့်များ ချ၍ ဂျိုင်ရိုကော်ပတာများ လေ့ကျင့်ပျံသန်းမှု အပါအဝင် ကင်းထောက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ကျောက်ဖြူတိုက်ပွဲအတွင်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက စ၍ စစ်အုပ်စုသည် ပါရာမိုတာများကိုသာ အသုံးပြုတိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ယခုအခါ ဂျိုင်ရိုကော်ပတာများကိုပါ အသုံးပြုလာနေခြင်း ဖြစ်သည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်၊ တောင်မော်ကြီး ရေတပ်စခန်းမှ စနဲမြို့အနီးသို့ ထိုးစစ်ဆင်လာသော စစ်အုပ်စုမှာ အကျအဆုံးများဖြင့် တောင်မော်ကြီးရေတပ်စခန်းသို့ ပြန်လည်ဆုတ်ခွာနေရကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...